ဘီးလင်း၊ မေ ၃၁

ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က ရှေ့တန်းပို့လို့ ထွက်ပြေးသူတွေ များလာကြောင်း မြိုခံတွေကပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီလလောက်က စတင်ပြီး စစ်တပ်ဟာ KNU တပ်မဟာ ၅နဲ့ တပ်မဟာ ၆ ကို စစ်ကြောင်းထိုးရာမှာ တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့အတူ ပြည်သူစစ်အဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်သွားပြီးနောက် သေဆုံးဒဏ်ရာရသူတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ဘီးလင်းပြည်သူ့စစ် အဖွဲ့ထဲက မုသင်ရွာသား ၂ ဦးအပြင် တခြားရွာက ပြည်သူ့စစ်တွေ တိုက်ပွဲမှာ သေဆုံးမှုတွေရှိနေတဲ့ သတင်းတွေကြောင့် နောက်တန်းမှာကျန်ခဲ့တဲ့ ပြည်သူ့စစ်တချို့ နုတ်ထွက်တာနဲ့ ထွက်ပြေးတာတွေရှိလာတာ ဖြစ်တယ်လို့ ဘီးလင်းမြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြို့နယ်အနှံ့ ပြည်သူစစ်အဖွဲ့တွေ စတင်ဖွဲ့စည်းချိန် ရပ်ရွာလုံခြုံရေးအတွက်သာ ကာကွယ်ရမယ်ဆိုပြီး ရှေ့တန်းမထွက်ရဘူးဆိုတဲ့ စစ်တပ်တာဝန်ရှိသူတွေရဲ့ စကားကြောင့် ဘီးလင်းမြို့နယ်ထဲက ပြည်သူစစ်အဖွဲ့ထဲဝင်ရောက်သူတွေများပြားလာကြပါတယ်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဘီးလင်းမြို့နယ်မှာ ပြည်သူစစ်အားကောင်းလာပြီး အင်အား ၂၀၀ ကျော်ရှိလာကာ စစ်တပ်နဲ့အတူ စစ်မှုထမ်းဖမ်းတာ၊ ရန်ကုန်-မော်လမြိုင်လမ်းတလျှောက် လမ်းကင်းလုံခြုံရေးယူတာ၊ စစ်ဆေးရေးဂိတ်တွေဖွင့် ငွေတောင်းတာတွေကို လုပ်လာကြပါတယ်။

ဧပြီလ နောက်ပိုင်းမှာ ပြည်သူစစ်အဖွဲ့တွေကို စစ်တပ်ဘက်က စစ်ရေးပြင်းထန်တဲ့ နေရာတွေကို ပို့ဆောင်လာတာကြောင့် ထွက်ပြေးသူတွေလည်း အများအပြား ရှိလာပါတယ်။

ထွက်ပြေးသူတွေ များလာလို့ လျော့နည်းသွားတဲ့ အင်အားတွေနေရာမှာ အစားထိုးဖို့ ပြည်သူ့စစ်အဖွဲ့တွေဟာ ကျေးရွာတွေမှာ ဘိန်းစာရွက်ပြုတ်ရေ၊ WY ၊ သုံးစွဲရောင်းချသူတွေကို လိုက်လံဖမ်းဆီးပြီးနောက် ပြည်သူ့စစ်ထဲ ဝင်ခိုင်းနေသလို မဝင်ချင်သူတွေကို မူးယစ်ဆေးဝါးအမှုနဲ့ ရဲလက်အပ်တာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.