မော်လမြိုင် ၊ မေ ၃၁
တံစိုးလက်ဆောင် ယူသူတွေဟာ အဂတိတရား ကင်းစင်မှု စံနှုန်းကို ပျက်စီးစေတယ်လို့ အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သူ့လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေကို သတိပေး ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် တံစိုးလက်ဆောင် ယူသူတွေဟာ မိမိတာဝန်ယူ ဆောင်ရွက်နေတဲ့ လုပ်ငန်း အပေါ် ထားရှိရမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အဂတိတရား ကင်းစင်မှု စံနှုန်းကို ပျက်စီးစေတဲ့အပြင် တံစိုးလက်ဆောင် ပေးသူရဲ့ အလိုကျ ဆုံးဖြတ် ဆောင်ရွက်တာကို တွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အများပြည်သူရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် တံစိုး လက်ဆောင် ဟာဆိုရင် အဆိပ်အတောက် တစ်ခု ဖြစ်စေတယ်လို့လည်း အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
ဒေသခံ တစ်ဦးကတော့ အဂတိ လိုက်စားမှုတွေ ရှိတာဟာ ဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူ တွေကို ဝန်ဆောင်မှု ကောင်းကောင်း မပေးတာကြောင့် ဖြစ်ပြီး ဌာနဆိုင်ရာတွေကဝန်ဆောင်မှု ပေးတဲ့ နေရာမှာ လွယ်တဲ့ အရာကို ခက်အောင် လုပ်တာကြောင့် လာဘ်ပေး လာဘ်ယူမှု ပျောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အစိုးရဌာန လုပ်ငန်းတွေက ပြည်သူကို ဝန်ဆောင်မှု ပေးမယ်၊ သေချာ ကောင်းကောင်းမွန်မွန် ပေးမယ်ဆိုရင် ဒီအဂတိဆိုတာ မရှိလာဘူး၊ အဂတိ ဖြစ်လာတာကလည်း ဒီအခုဆို လဝကဆိုရင် လွယ်နေတာကို ခက်အောင် လုပ်တယ်၊ ခက်အောင် လုပ်ပြီးတော့ ငွေကို မရရအောင် ရှာတဲ့ပုံ ဖြစ်နေတယ်၊ လာဘ်ပေး လာဘ်ယူမှုက ပိုပိုပြီး များသလို ဖြစ်သွားတယ်၊ လာဘ်ပေး လာဘ်ယူ ပျောက်ဖို့ ဆိုတာတော့ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူး၊ ဒီလိုပဲ ဆက်ရှိနေအုံးမယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ အများစုဟာ ပြည်သူတွေကို ဝန်ဆောင်မှု ပေးတဲ့နေရာမှာ သတ်မှတ် အချက်အလက်တွေ ပြည့်စုံရင်တောင် ကိုယ်တိုင် တံစိုးလက်ဆောင်နဲ့ ငွေကြေး တောင်းခံတာ ရှိသလို တချို့တွေက ပွဲစားတွေကနေတဆင့် တောင်းခံတာ ရှိတာကြောင့် အဂတိ လိုက်စားမှု ဆက်ရှိနေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ကတော့ အဂတိ လိုက်စားမှုဟာ နယ်ပယ် အသီးသီးမှာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ပွားနေကာ လာဘ်ပေး လာဘ်ယူ လုပ်ခြင်းသာမက ခြိမ်းခြောက် ငွေညှစ်တာနဲ့ လိမ်လည်တာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဘဏ္ဍာနဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ၊ လုပ်ပိုင်ခွင့် အာဏာ တွေကို အလွဲသုံးစားလုပ်တာ၊ မလျော်ဩဇာသုံးတာ၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင် ပစ္စည်းအဖြစ် သုံးစွဲတာ၊ ဘက်လိုက်တာနဲ့ ငွေကြေးခဝါချတာတွေကလည်း အဂတိ လိုက်စားမှု ဖြစ်တယ်လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အဂတိ လိုက်စားမှုဟာ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေ အပြင် ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး)နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အစ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာတော့ အရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

