နေပြည်တော် ၊ မေ ၃၁
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က သူတို့ စစ်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ကြိုးပမ်းနေချိန်မှာ အိမ်နီးချင်း အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မေ ၃၀ ရက်နေ့မှာ နယူးဒေလီနဲ့ အစပျိုးလာပါတယ်။
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ သမ္မတ အပါအဝင် ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပြည်နယ်အကြီးအကဲတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်သလို အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းတွေကိုလည်း လေ့လာသွားမယ်လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာကဏ္ဍတွေ အပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို နိုင်ငံ့အကျိုးအတွက် ဆွေးနွေးသွားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကနေ ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်ကို အခြေပြုပြီး အရပ်သားအုပ်ချုပ်တဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတဲ့ စစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားပေမယ့် အိန္ဒိယနိုင်ငံကတော့ ဈေးဦးဖောက်ပြီး တရားဝင် ဆက်ဆံလာတာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အိန္ဒိယအနေနဲ့ စစ်အုပ်စုက တရုတ်ဘက်ကို တအားကြီး ယိမ်းသွားမယ့် စိုးရိမ်မှုနဲ့အတူ နယ်စပ်လုံခြုံရေးအတွက် တည်ငြိမ်မှုရှိအောင် ကြိုးစားတဲ့ သဘောလို့ သုံးသပ်ပါတယ်။
“အိန္ဒိယအနေနဲ့ (စစ်အစိုးရက) တရုတ်ဘက်ကို တအားကြီး ယိမ်းသွားမှာစိုးရိမ်တဲ့အတွက် ချန်နယ်ဖွင့်ပြီးတော့ စစ်အုပ်စုနဲ့ ပေါင်းသင်းဆက်ဆံရေးလုပ်ဖို့ ကြိုးစားသလို တစ်ဘက်မှာလည်း သူ့ရဲ့ နယ်စပ်စည်းမျဉ်းဖြစ်တဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ ချင်းမျိုးနွယ်စုတွေ နာဂလန်းမ်တို့ မီဇိုရမ်တို့ပေါ့နော်။ ဒီလိုပြည်နယ်တွေက အိန္ဒိယကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေနဲ့ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်မှုတွေ ရှိတယ်ဆိုပြီးတော့ အယူအဆအမြင်နဲ့ နယ်မြေတည်ငြိမ်မှု မဖြစ်အောင်လို့ ကြိုးစားတဲ့ သဘောလို့လည်း တစ်ဘက်မှာ မြင်ရပါတယ်”လို့ ဆိုပါတယ်။
မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားပေါ် မူတည်ပြီး Double-Hand Policy ကို သုံးနေကြတာဟာ နိုင်ငံတကာရဲ့ ဆက်ဆံရေးနဲ့ သံတမန်ရေးပုံစံလို့ ကိုမင်းသွေးသစ်က ထောက်ပြပါတယ်။
ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးပိုင်းတွေမှာ အားပြိုင်နေတဲ့ အုပ်စုနှစ်ခုအဖြစ် တည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေက တော်လှန်ရေးအင်အားစုတွေနဲ့ မဖြစ်မနေ ဆက်ဆံသလို စစ်အစိုးရကိုလည်း မိတ်ဝတ်မပျက် ဆက်ဆံတဲ့ သဘောမျိုးပါ။
အာဏာသိမ်းစစ်တပ်အနေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်လာချိန်မှာ အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးသလို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ဒီအခြေအနေမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်အစိုးရကသာ စစ်အစိုးရကို ပေါ်ပေါ်တင်တင် အသိအမှတ်ပြု ထောက်ခံခဲ့ပေမယ့် သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဟာ ဘေဂျင်းမဟုတ်ဘဲ နယူးဒေလီဖြစ်နေတာပါ။
အိန္ဒိယအစိုးရကလည်း မြန်မာ့အရေးမှာ စစ်အုပ်စုနဲ့ နိုင်ငံရေးအင်အားစုတွေအပြင် နယ်မြေအရ နီးစပ်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပါ အပြုသဘောဆောင် ချဉ်းကပ်ခဲ့ပြီး လက်ရှိမှာ စစ်အစိုးရကို အသိအမှတ်ပြုတဲ့ သဘောနဲ့ ဆက်ဆံလာတာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က အာဏာသိမ်း သမ္မတရဲ့ နယူးဒေလီခရီးစဉ်ဟာ နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့ သဘောမျိုးဖြစ်လို့ အိန္ဒိယနယ်စပ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ရိုက်ခတ်မှု ရှိသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အိန္ဒိယအနေနဲ့ကလည်း ဗဟိုအစိုးရကတစ်မျိုး၊ ဖက်ဒရယ်နိုင်ငံဆိုတော့ ပြည်နယ်အစိုးရတွေက တစ်မျိုး။ ဒါပေမယ့် (မြန်မာ) စစ်တပ်နဲ့ ဗဟိုအစိုးရက နဂိုကတည်းက နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်။ အဲဒီတော့ အခု အနောက်ဘက်ခြမ်း စစ်မျက်နှာစာတွေကို အိန္ဒိယနဲ့ ဖိအားပေး။ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဟာတွေကို တရုတ်က ဖိအားပေးတဲ့ အနေအထားမှာ တော်လှန်ရေးတပ်တွေဘက်က လုပ်ရကိုင်ရတာ ခက်ခဲသွားတာမျိုးတွေ ရှိတယ်။ အဲဒါကြောင့်မို့ အိန္ဒိယအစိုးရကလည်း (မြန်မာ) နိုင်ငံအနောက်ဘက်ခြမ်းကိုပါ ဖိအားပေးလာမယ်ဆိုရင်တော့ တော်လှန်ရေးတပ်တွေဘက်က လုပ်ရကိုင်ရကြပ်သွားနိုင်တဲ့ အနေအထားမျိုးတော့ ရှိတယ်”လို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကတော့ ဦးမင်းအောင်လှိုင်အနေနဲ့ ဒီမိုကရေစီအင်အားကြီး နိုင်ငံဖြစ်တဲ့ အိန္ဒိယကို သွားရောက်တာဟာ အစိုးရသစ်ကို နိုင်ငံတကာမှာ အသိအမှတ်ပြုမှုရရှိရေးနဲ့ နိုင်ငံရေးအရ တရားဝင်မှု Legitimacy ပိုမိုခိုင်မာစေဖို့ ကြိုးပမ်းမှုလို့ ရှုမြင်ကြပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ဖိအားတွေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ သံတမန်ရေးလစ်လျူရှုမှုနဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို လျှော့ချဖို့ အိန္ဒိယကို အဓိက မဟာမိတ်အဖြစ် ရွေးချယ်တာဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိနေတာပါ။
တစ်ဘက်မှာ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ အာဆီယံဒေသကို ချိတ်ဆက်ပေးမယ့် ဗဟိုချက်ဖြစ်လာနိုင်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ တပ်အသိုင်းအဝိုင်းက နှပ်ကြောင်းပေးနေတာ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရကတော့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျတဲ့ မူဝါဒကိုပဲ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး အဲဒီလိုမှ မဟုတ်ရင် ဒေသပြင်ပက တခြားအင်အားကြီးနိုင်ငံတွေက အခြေအနေကို အခွင့်ကောင်းယူသွားနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂၉ ရက်နေ့မှာ ထုတ်ပြောထားတာပါ။
ပြီးခဲ့တဲ့နှစ် ဩဂုတ်နှောင်းပိုင်းမှာ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး မြေရှားသတ္တုတူးဖော်ရေး၊ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

