ကျိုက်ဒုံ၊ မေ ၂၇

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ ကျိုက်ဒုံမြို့အဝင်ရှိ KNU စစ်ဆေးရေးဂိတ်ကို လေကြောင်းမှ ဗုံးကြဲရာကနေ အရပ်သားပြည်သူတွေ နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် နှစ်လုံးနဲ့ ကားတစ်စီး ထိမှန်ပျက်စီးခဲ့ပါတယ်။

အဲဒီလေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးသူ အမျိုးသမီးတွေထဲမှာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုးရဲ့ အမျိုးဖြစ်သူ အမျိုးသမီး တစ်ဦး ပါဝင်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ KNU စစ်ဆေးရေးဂိတ်ကို စစ်တပ်က လျှပ်တပြတ် ဗုံးကြဲရာကနေ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျိုက်ဒုံမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတုန်းက ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ကို စစ်ကော်မရှင်တပ်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.