ဘေဂျင်း၊ မော်စကို၊ မေ ၂၀
တရုတ် စစ်တပ်က ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ရုရှား စစ်သား ၂၀၀ လောက်ကို လျှို့ဝှက်လေ့ကျင့် သင်ကြားပေးခဲ့ပြီး တချို့ဟာ ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း ဥရောပ ထောက်လှမ်းရေး အေဂျင်စီ သုံးခုရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို မော်စကိုက ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း တရုတ်နဲ့ ရုရှားတို့ဟာ ပူးတွဲ စစ်ရေး လေ့ကျင့်မှု တော်တော်များများ ပြုလုပ်ထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအတွင်း မိမိတို့ ကြားနေနိုင်ငံ ဖြစ်ကြောင်း တရုတ်က အကြိမ်ကြိမ် ပြောထားပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းသူအဖြစ် ပုံဖော်နေပါတယ်။
ဒရုန်း အသုံးပြု တိုက်ခိုက်ရေး အဓိက သင်ကြားပေးတဲ့ အဲဒီ လျှို့ဝှက် လေ့ကျင့်သင်ကြားရေး အစီအစဉ်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်မှာ ရုရှားနဲ့ တရုတ် အကြီးတန်း အရာရှိတွေ လက်မှတ်ရေးထိုးခဲ့တဲ့ ရုရှား-တရုတ် သဘောတူညီမှုမှာ သတ်မှတ် ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဘေဂျင်းနဲ့ အရှေ့ပိုင်းမြို့ နန်ကျင်း အပါအဝင် နေရာ အတော်များများရှိ စစ်ဖက်ဆိုင်ရာ တပ်စခန်းတွေမှ ရုရှား စစ်သား ၂၀၀ လောက်ကို လေ့ကျင့်ပေးမယ်လို့ တရုတ်နဲ့ ရုရှားတို့ သဘောတူထားကြောင်း ရိုက်တာသတင်းဌာနက တွေ့မြင်ခဲ့ရတဲ့ စာရွက်စာတမ်းအရ သိရပါတယ်။
အဲဒီလို သဘောတူညီပြီးနောက် မကြာခင်မှာပဲ တရုတ်က ရုရှား စစ်သားတွေကို လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီ သဘောတူညီချက်အရ ရာနဲ့ချီတဲ့ တရုတ် စစ်သားတွေကိုလည်း ရုရှား စစ်စခန်းတွေမှာ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှား စစ်သားတွေကို တရုတ်က စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးနေတာကြောင့် တရုတ်ဟာ စစ်ပွဲအတွင်း တိုက်ရိုက် ပါဝင်နေတာ ဖြစ်တယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီ သတင်းနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ပြောပြပေးဖို့ တောင်းဆိုပေမယ့် ရုရှားနဲ့တရုတ် ကာကွယ်ရေးဝန်ကြီးဌာနတွေက တုံ့ပြန်မှု မရှိပါဘူး။
ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ အမြဲပဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ အားပေးဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားကို အဓိက လုံခြုံရေးအန္တရာယ် အဖြစ် ရှုမြင်ထားတဲ့ ဥရောပ အင်အားကြီး နိုင်ငံတွေက ရုရှားနဲ့ တရုတ်ကြား ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြ ပါတယ်။
တရုတ်ဟာ ကမ္ဘာမှာ ဒုတိယ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားပြီး အီးယူရဲ့ အရေးကြီးတဲ့ ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု မတိုင်ခင် အဲဒီ နှစ်နိုင်ငံက အကန့်အသတ်မရှိ မဟာဗျူဟာမြောက် လက်တွဲရေး သဘောတူကြောင်း ကြေညာပြီး နှစ်နိုင်ငံ စစ်တပ်တွေကြား လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ကတိထားခဲ့ကြပါတယ်။
အနောက်တိုင်းက ရုရှားကို အထီးကျန် ဖြစ်အောင် ကြိုးပမ်းနေချိန်မှာ တရုတ်က ရုရှား ရေနံ၊ သဘာဝဓာတ်ငွေ့တွေနဲ့ ကျောက်မီးသွေးတွေကို ဝယ်ယူပြီးတော့ ရုရှားကို အသက်ဆက်ပေးနေပါတယ်။
အမေရိကန် သမ္မတ လာရောက်ပြီး ရက်ပိုင်းအကြာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မေ ၁၉ ရက်နဲ့ ၂၀ ရက်မှာ လက်ခံတွေ့ဆုံပါတယ်။
တရုတ်သို့ ၂၅ ကြိမ်မြောက် လာရောက်တဲ့ ပူတင်ရဲ့ ခရီးစဉ်က နှစ်နိုင်ငံကြား လက်တွဲမှုကို နောက်ထပ် အားဖြည့်ကြောင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းက ရုရှားနယ်မြေ အတွင်းနက်နက်ထဲအထိ တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာ ပူတင်က စစ်ပွဲ အဆုံးသတ်တော့မယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters

