သံဖြူဇရပ်မှာ ‌ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံရ

သံဖြူဇရပ် ၊ မေ ၁၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအပိုင် ရေး-သံဖြူဇရပ်ကားလမ်းဘေးမှာ ‌ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသတ်ခံရတဲ့ ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းကိုတော့ စခန်းကြီးကျေးရွာအပိုင် ရေး-သံဖြူဇရပ် ကားလမ်း မရှိခဏဘုရားနဲ့ ဦးမန်းရာဘာခြံရှေ့ လမ်းအစပ်မှာ မေ ၁၄ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ လမ်းသွား လမ်းလာတွေက တွေ့ရှိခဲ့တာပါ။

အသတ်ခံရသူ သုံးဦးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်နဲ့ပြွန်တန်ဆာမြို့နယ်တို့ကနေ သံဖြူဇရပ်မြို့နယ်မှာ ရေနံချေးသုတ် လုပ်ငန်း လာရောက် လုပ်ကိုင်သူတွေ ဖြစ်ပြီးမေ ၁၃ ရက်နေ့ မနက်ပိုင်းက သူတို့တည်းခိုနေတဲ့ တည်းခိုခန်းက ထွက်ခွာသွားပြီးနောက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၃၇ နှစ်အရွယ် ကိုဌေးအောင်၊ အသက် ၂၈ နှစ်အရွယ် ကိုရဲထက်အောင်၊ အသက် ၂၄ နှစ်အရွယ် ကိုအောင်ပြည့်စုံတို့ ဖြစ်ပြီး သူတို့ သုံးဦးဟာ လက်ပြန်ကြိုးတုပ်ခံရကာ နားထင်နဲ့ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားတာ ဖြစ်ပါတယ်။

ရေနံချေးလိုက်သုတ်တဲ့ အမျိုးသား သုံးဦး လက်ပြန်ကြိုးတုပ်ကာ သေနတ်ဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံဖြူဇရပ်မြို့မ ရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ‌ဒေ ပုဒ်မ ၅၄နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရေနံချေးလိုက်သုတ်တဲ့ အမျိုးသား သုံးဦး အသတ်ခံရတဲ့ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဓိက စစ်ရေးလှုပ်ရှားတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေလည်း သွားလာမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.