သရက်ချောင်း၊ မေ ၁၅
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေ အကူအညီ လိုအပ်နေတယ်လို့ သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်းရဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း သရက်ချောင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မင်းဒပ်ရွာက နေအိမ် ၄၂ လုံး၊ ဂုံညှင်းဆိပ်နဲ့သဲလမ်းရွာတို့က စုစုပေါင်း နေအိမ် ၅၇ လုံး၊ ဆီတောရွာက နေအိမ် ၁၅ လုံး၊ ပြင်းဖြူသားရွာက နေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။
နေအိမ်ပျက်စီးခဲ့တဲ ဒေသခံတွေဟာ မိုးရာသီရောက်လာပြီးဖြစ်တာကြောင့် ယာယီတဲအိမ်တွေ ဆောက်လုပ်ဖို့ သစ်လုံးတိုင်၊ ဝါးနဲ့ဓနိဖက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေဟာ နီးစပ်ရာ နေရာတွေမှာ အဆင်ပြေသလို နေထိုင်နေရပြီး ကူညီထောက်ပံ့ပေးမယ့်သူတွေကို မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး သောင်းနဲ့ချီ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒေါင်းညီနောင်စစ်ကြောင်း

