မကွေး မေ ၁၄
မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့ကို အာဏာသိမ်း စစ်တပ် စစ်ကြောင်း ရောက်ရှိသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်ရဲ့ အင်အား ၅၀၀ ဝန်းကျင်ပါစစ်ကြောင်းဟာ လောင်းရှည် ကပစ ၂၅ မှတဆင့်မေ ၁၂ ရက်နေ့မှာ ထွက်ခွာပြီး ဆောမြို့ကို မေ ၁၄ ရက်နေ့မှာ ရောက်ရှိသွားတာပါ။
“ကာကွယ်ရေးအဖွဲ့တွေတော့ စစ်ကြောင်းကို ကာကြတယ်။ ဒါပေမဲ့ သိပ်အလုပ်မဖြစ်ဘူး။ ရန်သူက အင်အားများတယ်။ စစ်ကြောင်းက မင်းတပ်ဘက်တက်မလား၊ ဆောမြို့ကိုပဲ ပြန်ယူချင်တာလား မပြောတတ်သေးဘူး။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆောမြို့ဘက်ကို ရောက်ရှိနေတဲ့ စစ်ကြောင်းအပြင် ဆိပ်ဖြူနဲ့စလင်းအစပ်မှာ စစ်ကြောင်း တစ်ကြောင်း၊ ပေါက်နဲ့ ယောအစပ် ပုံတောင်တဝိုက်မှာ စစ်ကြောင်းတစ်ကြောင်း ဝင်နေတာကြောင့် ဘက်ပေါင်းစုံကနေ ဆောမြို့ဘက်ကိုဦးတည်နေတာလို့ ဒေသခံတွေက ယူဆကြပါတယ်။
မေ ၁၃ ရက်ကလည်း ဆောမြို့ကိုရောက်ရှိနေတဲ့ စစ်ကြောင်းဟာ သီးကုန်းကျေးရွာက အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မင်းတပ်၊ ကျောက်ထုဒေသတွေဆီ ဦးတည်ပြီး အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

