ဘားအံ၊ မေ ၁၄
ကရင်ပြည်နယ် ဘားအံမြို့နယ် မဲ့ဘောခီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ မဲ့ဘောခီးကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် KNU တပ်မဟာ(၅) နယ်မြေ ဘေ့ကျို့လယ်ကျေးရွာကနေ စစ်လာရှောင်နေတဲ့ အသက် ၁၉ နှစ်အရွယ် နော်ဘာဘူဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၄ နှစ်အရွယ် နော်ခုဂေဖော၊ အသက် ၆ နှစ်အရွယ် စောဝင်းဝေါလ်ထူး၊ အသက် ၁၉ နှစ်အရွယ် နော်ဒါးပု၊ အသက် ၃၂ နှစ်အရွယ် စောတာဘီ၊ အသက် ၄၂ နှစ်အရွယ် စောစိုးသန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။
ဒီလေကြောင်းဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။
လေကြောင်းဗုံးကြဲခံရတဲ့ မဲ့ဘောခီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း ဘားအံမြို့နယ် တလိုင်းကရင်ကျေးရွာနဲ့ကွင်းလေးကျေးရွာကြားမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

