ဘီးလင်း၊ မေ ၁၄

တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လေးကေကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံရတဲ့ စစ်ကော်မရှင်တပ်ဟာ လေးကေစခန်း ပြန်ရဖို့ အချိန် တစ်လအကြာ မြေပြင်အပါအဝင် ဝေဟင်ထိုးစစ်ဆင်တွေ အပြင်းအထန် လုပ်ဆောင်ပြီးနောက် မေ ၁၂ ရက်နေ့မှာ လေးကေရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

လေးကေရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ လေးကေစခန်းထဲ မဝင်ရောက်ပေးဘဲ ကျေးရွာဘုန်းကြီးကျောင်းမှာပဲ ဆက်လက်တပ်စွဲထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် တပ်ဖွဲ့ဝင် ၁၈ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ရေးဗျူဟာအရ အရေးပါတဲ့ လေးကေစခန်းဟာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အမှတ် (၂) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဖြစ်စဉ်က တာဝန်ထမ်းဖူးတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.