ရေး၊ မေ ၁၄
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပြည်သူ့ စစ်မှုထမ်း တပ်သား လေးဦး အလင်းဝင်လာတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
ပြည်သူ့စစ်မှုထမ်း တပ်သားတွေဖြစ်တဲ့ တပ်သား မင်းထက်၊ ပြည့်ဖြိုးမောင်၊ အေးမင်းလှိုင်၊ အာဂျင်တို့ဟာ မေ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အလင်းဝင်လာတာပါ။
အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား လေးဦးဟာ သံဖြူဇရပ်အခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကနေ ပြည်သူစစ်မှုထမ်းအပတ်စဉ် ၂၂ သင်တန်းဆင်းတွေ ဖြစ်ပါတယ်။
သူတို့ လေးဦးဟာ ကရင်ပြည်နယ်၊ မြဝတီနဲ့လှိုင်းဘွဲ့မြို့တို့မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးတာကိုခံရပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရသူတွေ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတွေကို ကောင်းမွန်စွာ ထိန်းသိမ်းရှောက်စောင့်ထားတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် အမှတ် ၃၄၃ ခြေလျင်တပ်ရင်းက တပ်သား နှစ်ဦးဟာ ရေးပြောက်ကျားတပ် YGF ထံ အလင်းဝင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူးအဖွဲ့

