နေပြည်တော် ၊ မေ ၁၅

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ပတ်သက်ပြီး သေဒဏ်အထိ ချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အာဏာသိမ်း စစ်အစိုးရက မေ ၁၄ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိလေ့လာအကြုံပြုနိုင်ဖို့ အသိပေးထုတ်ပြန်တာဖြစ်လို့ အကြံပြုစာတွေကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးကို လိပ်မူပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ဖို့နဲ့ အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူထိခိုက်နစ်နာ ဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် နယ်စပ်ဒေသတွေကဆင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းတွေကို ကျူးလွန်တဲ့အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေခြင်းကနေ ကာကွယ်နိုင်ရေးလည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ ဘဏ်နဲ့ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းတွေ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေနဲ့ သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အစည်းတွေကြား သတင်းအချက်အလက်ဖလှယ်နိုင်မယ့် စနစ်တစ်ခု တည်ထောင်နိုင်ရေး အပါအဝင် အခြားရည်ရွယ်ချက်တွေလည်း ထည့်သွင်းထားတာပါ။

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး မြန်မာအင်တာနက်ပရောဂျက်ရဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်ကနေ သုံးသပ်ချက်အရ အင်တာနက်သုံးစွဲသူတွေအပေါ် ပိုမိုတင်းကြပ်စွာ စောင့်ကြည့်နိုင်တဲ့ စိုးရိမ်စရာပြဌာန်းချက်တွေ ပါဝင်နေတာ တွေ့ရတယ်လို့ မေ ၁၄ ရက်နေ့မှာ အသိပေးပါတယ်။

ဥပဒေကြမ်းမှာတော့ တားမြစ်ချက်တွေ အများအပြားကို ထည့်သွင်းထားပြီး အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်ကနေ သေဒဏ်အထိ ဖြစ်စေ ချမှတ်မယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာပါ။

အဲဒီထဲမှာ ဘယ်သူမှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာကနေ ရရှိတဲ့ ငွေကြေးဖြစ်ကြောင်း သိတာဖြစ်စေ ယုံကြည်ဖို့ အကြောင်းရှိတာဖြစ်စေ မိမိရဲ့ ဘဏ်စာရင်းအမှတ်ကနေ လွှဲပြောင်းပေးတာ သိမ်းဆည်းပေးတာ ဒါမှမဟုတ် ငွေကြေးခဝါချခြင် မပြုရဘူးလို့ တားမြစ်ထားတာပါ။

ဒါ့အပြင် ဘယ်သူမှ မိမိအမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းကတ်ကို အွန်လိုင်းလိမ်လည်မှုကျူးလွန်ဖို့ အခြားသူတစ်ဦးကို အသုံးပြုခွင့်ပေးတာ ရောင်းချတာ ဌားရမ်းခြင်း မပြုရသလို မိမိရဲ့ ဘဏ်ငွေစာရင်း ဒါမှမဟုတ် မိုဘိုင်းဝေါလက်ကို ‌ရောင်းချတာ ဒါမှမဟုတ် ဌားရမ်းခြင်း မပြုရပါဘူး။

ဒီအတွက် တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီလူကို ထောင်ဒဏ် သုံးနှစ်ကနေ ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ကျပ်သိန်း ငါးရာကနေ အများဆုံး သိန်းတစ်ထောင်အထိ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြတယ်။

တစ်ဘက်မှာ ဘယ်သူမှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ဖို့ တစ်ဦးဦးကို အကြမ်းဖက်တာ ညှင်းပန်းနှိပ်စက်တာ မတရားချုပ်နှောင်တာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုရဘူးလို့ တားမြစ်ထားပါသေးတယ်။

အဲဒီတားမြစ်ချက်ကို ကျူးလွန်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ဖြစ်စေ သေဒဏ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး အဲဒီပြစ်မှုကျူးလွန်ရာမှာ တစ်ယောက်ယောက်ကို သေဆုံးစေခဲ့ရင်တော့ သေဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းအရ ပြည်ထောင်စုအစိုးရအဖွဲ့က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို အဖွဲ့ဝင် ၁၉ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးက ဥက္ကဌ ၊ ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ဗဟိုဘက် ဥက္ကဌ အပါအဝင် နိုင်ငံခြားရေးဝန်ကြီး နဲ့ လဝကဝန်ကြီးတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ၊ သက်ဆိုင်ရာ တိုင်းမှူးတွေ အပြင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ စတဲ့ ဌာနက ဒုဝန်ကြီးတွေကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဗဟိုကော်မတီကနေ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အလိုက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းရမှာ ဖြစ်သလို အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနကိုလည်း ဖွဲ့စည်းပေးရမှာပါ။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနမှာတော့ မှုခင်းရဲတပ်ဖွဲ့မှူးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး၊ ပြည်ထဲရေး၊ လဝက၊ စသုံးလုံး စတဲ့ ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနက အဖွဲ့ဝင် ၁၁ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ဗဟိုဌာနက အွန်လိုင်းလိမ်လည်မှုကို ကာကွယ်ဖို့ ဆက်သွယ်ရေးကွန်ရက်ကနေ ဘဏ်ငွေစာရင်းတွေ ရောင်းချတာ ငွေကြေးချို့တဲ့သူတွေကို မြှူဆွယ်ပြီး ဘဏ်ငွေစာရင်းတွေ ဖွင့်ပြီး ဝယ်ယူတာ မှတ်ပုံတင်အတုနဲ့ ဘဏ်ငွေစာရင်း ဒါမှမဟုတ် မိုဘိုင်းပေးလ် စာရင်းတွေ ဖွင့်လှစ်တာမရှိစေဖို့ စိစစ်ကြပ်မတ်ရမှာပါ။

အွန်လိုင်းလိမ်လည်မှုဆိုင်ရာပြစ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ အီလက်ထရောနစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူတွေ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေဟာ သတင်းအချက်အလက် ဖလှယ်ရမယ်လို့ ဆိုပါတယ်။

သံသယဖြစ်ဖွယ်အကောင့်တွေ ငွေစာရင်းတွေ ငွေကြေးစီးဆင်းမှုတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ဗဟိုဌာနကို သတင်းပို့ရမှာဖြစ်ပြီး ဆင်းကတ်မှတ်ပုံတင်ထားသူရဲ့ အချက်အလက်တွေ အသုံးပြုသူရဲ့ တည်နေရာတွေနဲ့ ခေါ်ဆိုမှုမှတ်တမ်းတွေကိုလည်း စနစ်တကျ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

ဒီအတွက် ဖလှယ်တဲ့ သတင်းအချက်အလက်တွေကို အွန်လိုင်းလိမ်လည်မှု မှုခင်းများတားဆီးနှိပ်နင်းရေးအတွက်သာ အသုံးပြုရမှာဖြစ်ပြီး ကိုယ်ရေးအချက်အလက်ကာကွယ်မှုဆိုင်ရာ စံနှုန်းတွေနဲ့အညီ လုံခြုံစွာ ထိန်းသိမ်းရမှာပါ။

မြန်မာအင်တာနက်ပရောဂျက်ကတော့ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေကို ကာကွယ်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေတွေ ရှိမနေတာကို သတိပြုဖို့ လိုအပ်ပြီး နိုင်လွတ်လုံဥပဒေပါ ပုဒ်မ ၈ ကို အခုထိ ရပ်ဆိုင်းခံထားရတာဟာ ထင်ရှားတဲ့ သက်သေလို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.