တနင်္သာရီ၊ မေ ၁၄
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာ အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ကျောင်းဆောင်အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၁၃ ရက် မနက် ၁၀ နာရီအချိန်လောက်မှာ တကူကျေးရွာ အထက်တန်းကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တဲ့အပြင် ရော့ကဒ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်နှစ်ခုရဲ့ အလယ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အနီးအနားရှိ ကျောင်းဆောင်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုကာလဟာ ကျောင်းပိတ်ရာသီဖြစ်တာကြောင့် အရပ်သားထိခိုက်တာတွေမရှိပေမယ့် ကျောင်းဖွင့်ချိန်ဖြစ်ပါက မိဘတွေအနေနဲ့ တော်တော်လေးရင်ကျိုးရမယ့် ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုဟာ အရပ်သားပစ်မှတ်တွေကို ဦးတည်လုပ်ဆောင်တာဖြစ်ပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကလေးတွေရဲ့ စာသင်ကျောင်းကို တိုက်ခိုက်တာဟာ တော်တော်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း တကူကျေးရွာအုပ်စု တိုက်ကမ်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

