နေပြည်တော်၊ မေ ၁၃
အာဏာသိမ်း စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဇွန်လဆန်းပိုင်းမှာ ပြန်လည်ခေါ်ယူကျင်းပသွားမယ်လို့ ကြေညာပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးပို့ကြဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်တော်စုလွှတ်တော် အစည်းအဝေးကိုလည်း ဇွန် ၄ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လာပါတယ်။
စစ်အုပ်စုရဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလဆန်ပိုင်းအထိ ကျင်းပပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ သမ္မတ၊ ဒုသမ္မတ ၁ ၊ ဒုသမ္မတ ၂ ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝင်တွေအပါအဝင် လွှတ်တော်ရေးရာ ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

