ရေး၊ မေ ၁၃
သုံးရက်တာ ကျင်းပခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ တပ်မှူး အစည်အဝေးမှာ နယ်မြေစိုးမိုးရေးနဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ တပ်မှူးများ အစည်းအဝေးကို တပ်ရင်းဌာနချုပ်မှာ မေ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ မွန်ပြည်နယ်တော်လှန်ရေးတပ် MSRF ရဲ့ ရှေ့ဆက်ဖော်ဆောင်သွားရမယ့် စစ်ရေးရည်မှန်းချက်တွေ၊ နယ်မြေစိုးမိုးရေးနဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အတည်ပြုချမှတ်နိုင်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ မဟာမိတ်တပ်ဖွဲ့တွေအကြား ပိုမိုကျစ်လစ်အားကောင်းတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို တိကျစွာ လိုက်နာစောင့်ထိန်းတဲ့ တော်လှန်ရေးတပ်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နဲ့မွန်ပြည်သူလူထုက အားကိုးရတဲ့ ပြည်သူ့အကျိုးအပြုပြီး စနစ်ကျတဲ့ ပြည်သူကို အကာအကွယ်ပြုတဲ့ တော်လှန်ရေးတပ်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
MSRF တပ်ရဲ့ တပ်မှူးများအစည်းအဝေးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ကာကွယ်ရေးဌာန ဌာနမှူး၊ ပြည်ထဲရေးဌာန ဌာနမှူးအပါအဝင် MSRF တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ မွန်လူမျိုးကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး လက်ရှိမှာလည်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး အမှတ် ၈ ပြည်ထောင်စု လမ်းပိုင်းဖြစ်တဲ့ ရေး – ထာဝယ်းလမ်းပိုင်းရဲ့ နေရာအများစုကို ထိန်းချုပ်ထားပါတယ်။
တဖက်မှာလည်း အာဏာသိမ်း စစ်အုပ်စုဟာ မွန်ပြည်နယ်တော်လှန်ရေးတပ်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတချို့ကို မကြာခဏဆိုသလို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

