ဘန်ကောက်၊ မေ ၇

ထိုင်းနိုင်ငံ တောင်ပိုင်းကနေ ဖောက်သည်တွေဆီ ပို့ဆောင်ပေးဖို့ သယ်ယူလာတဲ့ မြွေအများစု ပါဝင်တဲ့ တိရိစ္ဆာန်ကောင်ရေ ၁၀၀ ကျော်ကို ထိုင်းနဲ့ အမေရိကန် အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။

တောရိုင်း တိရိစ္ဆာန် အများအပြား တင်ပို့လိမ့်မယ်ဆိုတဲ့ သတင်းပေးချက်အရ ဘန်ကောက်ကို သွားမယ့် ချာအမ်ဒေသ ဖတ်ခါဆန် အဝေးပြေးလမ်းအပိုင်းမှာ အဝေးပြေးလမ်း ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ စောင့်ကြည့်ရှာဖွေချိန် အခုလိုမျိုး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ပစ်ကပ် ကားတစ်စီးကို စစ်ဆေးရှာဖွေရာမှာ မျိုးသုဉ်းနိုင်တဲ့ အန္တရာယ်ရှိတဲ့ တိရိစ္တာန်တွေကို ပုံးတွေ လှောင်အိမ်တွေထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိမှုအတွင်း မြွေ အကောင်ရေ ၁၀၀ ကျော်၊ ကတ္တဝါငှက်တွေနဲ့ သားပိုက်ကောင်တွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ယာဉ်မောင်း ဆာနော့ဂ်ကို တောရိုင်း တိရိစ္ဆာန် မှောင်ခိုသမားတွေ ငှားရမ်းပြီး ပို့ဆောင်ချိန်မှာ အာဏာပိုင်တွေ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ထိုင်းမှာ တောရိုင်း တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကျားလက်သည်း အပါအဝင် ကျားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဆေးရည်စိမ်ထားတဲ့ ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။

ဆင်သားရေ၊ သင်းခွေချပ် အကြေးခွံလို တောရိုင်း တိရိစ္ဆာန် ထွက်ကုန်တွေဟာ တရုတ်မှာ ဝယ်လိုအား ကောင်းနေပြီး ဥပဒေ စည်းကြပ်မှု အားနည်းတဲ့ နိုင်ငံတွေကနေ မှောင်ခို ပို့ဆောင်မှုတွေ ရှိနေပါတယ်။

လက်ရှိ ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ယာဉ်မောင်းအနေနဲ့ ဘတ်ငွေ တစ်သိန်း ဒါမှမဟုတ် အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရနိုင်တဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ ဖမ်းဆီးမှုကို ထိုင်းအရာရှိတွေနဲ့ အမေရိကန် သားငါးနဲ့ တောရိုင်း တိရိစ္ဆာန်ဌာန အရာရှိတွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.