ရေဖြူ၊ မေ ၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နဲ့မလွှဲတောင်ကြားရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကစလို့ ကလိန်အောင်မြို့ကနေတဆင့် ကျွဲတလင်း၊ သာယာမွန်၊ မိုင် ၆၀၊ မရမ်းချောင်း၊ ရာဖူးကျေးရွာအနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် အဲဒီကျေးရွာ ငါးရွာက ဒေသခံ တစ်ထောင်ကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ စစ်ကြောင်းထိုးစဉ် လမ်းတလျှောက်မှာ လက်နက်ကြီး၊လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ပြည်သူရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မေ ၆ ရက်နေ့အထိ ရာဖူးကျေးရွာတဝိုက်မှာ တပ်စွဲထားပြီး ပြန်မဆုတ်သေးတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.