Screenshot

ထားဝယ်၊ မေ ၇

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ KNU တပ်မဟာ(၄)ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ကော်သူးလေတပ်မတော် KTLA တပ်ရင်း(၂) က တပ်ရင်းမှူး ဗိုလ်မှူး ဖိုးအယ်ဦးဆောင်တဲ့ အရာရှိ ခုနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄)ထံ လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တာပါ။

လာရောက်ပူးပေါင်းခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်တွေကို KNU တပ်မဟာ(၄)က စိစစ်ဆောင်ရွက်နေပြီး မကြာမီ အသေးစိတ် သတင်းထုတ်ပြန်ပေးမယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU တပ်မဟာ ၄ ဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို KNLA နဲ့PDF အဖွဲ့တွေကို ခြုံခိုတိုက်ခိုက်နေတာကြောင့် KTLA အဖွဲ့ကို KNU က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်း KTLA အဖွဲ့ဝင်တွေရဲ့ ခြုံခိုပစ်ခတ်မှုကြောင့် ဗထူးတပ်မတော်က တပ်ဖွဲ့ဝင် ၆ ဦး၊ KNLA တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ကလေးငယ် တစ်ဦး သေဆုံးထားပါတယ်။

ကော်သူးလေတပ်မတော် KTLA ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.