မော်လမြိုင် ၊ မေ ၇

မွန်တော်လှန်ရေးဖိုရမ်ကနေ သဘောတူချမှတ်ခဲ့တဲ့ မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ လွှမ်းခြုံကိုယ်စားပြုမှုနဲ့အတူ တော်လှန်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ စာတမ်းတစ်စောင်က အကြံပြုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ရာမညဒေသလေ့လာရေးဌာန CRS ကနေ မေ ၄ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ ရာမညတော်လှန်ရေးအတွက် မွန်တော်လှန်ရေးဖိုရမ် – သမိုင်းမှတ်တိုင်တခုလော အဆုံးရဲ့ အစလော ဆိုတဲ့ စာတမ်းကနေ အကြံပြုထောက်ပြထားတာပါ။

တော်လှန်ရေးချာတာလို့ဆိုရာမှာ နိုင်ငံရေးကတိကဝတ်ဆန်တဲ့ အခြေခံမူ ရည်မှန်းချက်ပန်းတိုင်နဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ ပါဝင်တဲ့ နိုင်ငံရေးအစီအစဉ် ဒါမှမဟုတ် နိုင်ငံရေးစနစ်သစ်တစ်ရပ်ဖြစ်ပြီး တော်လှန်ရေးအစုအဖွဲ့တွေကြား သဘောတူရေးဆွဲ ချုပ်ဆိုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ချာတာရေးဆွဲတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအပြင် တော်လှန်တဲ့ နိုင်ငံရေးပါတီတွေ လူမျိုးစုနဲ့ လူနည်းစု ကိုယ်စားလှယ်တွေလည်း ပူးပေါင်းပါဝင်မှသာ ကျယ်ပြန့်တဲ့ လွှမ်းခြုံကိုယ်စားပြုမှု ရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူထုနဲ့ နီးစပ်တဲ့ အရပ်ဘက်အဖွဲအစည်းတွေ၊ အမျိုးသမီးနဲ့ လူငယ်အစုအဖွဲ့တွေ၊ သမဂ္ဂနဲ့ သပိတ်အင်အားစုတွေ၊ CDM အစုအဖွဲ့တွေကိုလည်း ပါဝင်စေတဲ့အနေနဲ့ ပြည်သူလူထုရဲ့ အများဆန္ဒကို အနီးစပ်ဆုံး ထင်ဟပ်စေနိုင်မယ်လို့ စာတမ်းမှာ အကြံပြုထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်ဒုတိယပတ်အတွင်း မွန်တော်လှန်ရေးဖိုရမ်ကို ပြုလုပ်ခဲ့ပြီး တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံတဲ့ မွန်ပြည်တော်လှန်ရေးပဋိညာဉ် (Mon State Revolutionary Charter) ချာတာကို သုံးလကနေ ခြောက်လအတွင်း ရေးဆွဲသွားမယ်လို့ ဖိုရမ်ရဲ့ ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို ပြောထားတာပါ။

ဒါ့အပြင် ချာတာရေးဆွဲနေတဲ့ကာလအတွင်း တော်လှန်ရေးအဖွဲ့တွေကြား လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်‌ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပါဝင်သင့်တဲ့ အစုအဖွဲ့တွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

စာတမ်းရဲ့ ထောက်ပြချက်အရ ချာတာရေးဆွဲရေးလုပ်ငန်းစဉ်အတွင်း တိုင်ပင်ဆွေးနွေးမှုအဆင့်ဆင့်မှာ အတွင်းအပြင် ပါဝင်တဲ့ ဘက်အသီးသီးကနေ ဝေဖန်အကြံပြုချက်တွေကို လက်ခံသင့်ပေမယ့် ချာတာအတည်ပြုမှုအဆင့်မှာတော့ မွန်ပြည်သူအကျိုးကို လိုလားရှေ့ရှုတဲ့ မွန်ပြည်သူ မွန်ပြည်သားတွေသာ အဆုံးအဖြတ်ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလေထုနဲ့အညီ လိုက်လျောညီထွေ ပြင်ဆင်မွမ်းမံနိုင်ဖို့ ချာတာသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို ဖွဲစည်းသင့်သလို အငြင်းပွားမှုကို ဖြေရှင်းဖို့ ချာတာဆိုင်ရာခုံရုံးကိုလည်း ဖွဲစည်းထားဖို့ လိုအပ်တယ်လို့ အကြံပြုထားတာပါ။

ချာတာဆိုင်ရာခုံရုံးကို ဖွဲ့စည်းတာဟာ ချာတာရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် အပါအဝင် ပြဌာန်းထားတဲ့ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးဆောင်ရွက်ချက်တွေက ချာတာနဲ့ ညီ မညီ စိစစ်ဖို့လည်း ပါဝင်တယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။

တစ်ဘက်မှာ အတုအယောင်ရွေးကောက်ပွဲကနေ မွန်ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် ၁၇ ဦး ပါဝင်နေမှုဟာ မွန်ပြည်တော်လှန်ရေးကြိုးပမ်းမှုအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်လို့ ဆိုပါတယ်။

အဲဒီ စိန်ခေါ်ချက်ကို ကျော်လွှားဖို့ ချာတာကို အမြန်ဆုံး အချောသပ် အတည်ပြုပြီး MSFC ၊ NMSP-AD ၊ MSCC အစရှိတဲ့ မွန်ပြည်အခြေပြု တော်လှန်နိုင်ငံရေးအင်အားစုတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ ဒါမှမဟုတ် တော်လှန်ရေးအစိုးရအဖွဲ့ တစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်နေတာပါ။

ဒါဟာ ဖက်ဒရယ်ပြည်‌ထောင်စုအတွင်း စုဖွဲ့ပါဝင်တဲ့ မွန်ပြည်ကိုယ်စားပြုယူနစ်ရဲ့ ရှေ့ပြေးအစီအမံ တစ်ရပ်ဖြစ်လို့ စီမံအုပ်ချုပ်ရေး ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို ပိုင်းဖြတ်သတ်မှတ်ရမယ်လို့ စာတမ်းမှာ အကြံပြုထားတာ တွေ့ရပါတယ်။

စစ်ရေးကဏ္ဍမှာလည်း မွန်ပြည်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကြား ပိုမိုစနစ်ကျတဲ့ စုဖွဲ့မှု လိုအပ်တာကြောင့် မဟာဗျူဟာအဆင့်မှာ ပူးတွဲကွပ်ကဲမှုစနစ်နဲ့ သေနင်္ဂဗျူဟာအဆင့်မှာ တခုတည်းသော အမိန့်ပေးစနစ်ကို ကျင့်သုံးတဲ့ ရာမညတော်လှန်ရေးတပ်မတော်အဖြစ် အသွင်ပြောင်းသင့်တယ်လို့ ဆိုပါတယ်။

ဒါကလည်း အနာဂတ်လွတ်မြောက်ပြီး ရာမညပြည်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တခုတည်းသော အမိန့်‌ပေးကွပ်ကဲမှုစနစ် (One Chain One Command) နဲ့ ဖွဲ့စည်းမယ့် ရာမညပြည်တပ်တော်ရဲ့ မိုင်တိုင်တစ်ခုဖြစ်ရမှာပါ။

ဒီအတွက် အရေးကြီးတကာ မိတ်ဘက်အဖွဲအစည်းတွေကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးအရ ညှိနှိင်းဖြေရှင်းတဲ့ ယဉ်ကျေးမှုအသစ်ကို မဖြစ်မနေ ဖော်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်မြေစိုးမိုးမှုနဲ့ ရင်းမြစ်ခွဲဝေမှုတွေမှာလည်း ပွင့်လင်းမြင်သာတဲ့ သဘောတူညီချက်တွေ ရှိဖို့ လိုအပ်တယ်လို့ အကြံပြုထားတာပါ။

မွန်ပြည်တော်လှန်ရေးချာတာအလွန် မွန်ပြည်ဖက်ဒရယ်ယူနစ်စုဖွဲ့မှုမှာ အောက်ထစ်ဖြစ်တန်ခြေအနေနဲ့ ချာတာအခြေပြု တော်လှန်ရေးအစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပကတိအာဏာရှိတဲ့ MSFC ၊ NMSP-AD နဲ့ နီးစပ်ရာ မွန်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်စေလွှတ်ပြီး ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဖြစ်ပါတယ်။

တစ်ဘက်မှာ စစ်အုပ်စုနဲ့ အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖော်ဆောင်ဖို့ မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီတို့ကလည်း ဖွဲ့စည်းထားတဲ့ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် MAU ကနေတဆင့် မွန်အမျိုးသားနိုင်ငံရေးကို ဦးဆောင်လာနိုင်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.