ဘီးလင်း၊ မေ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး ပါရာမိုတာနဲ့ နေ့စဉ် ဗုံးကြဲမှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝင်းတာပန်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ စခန်သိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဟာ စခန်းမကျရေးအတွက် လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးနေပြီး အခုနောက်ပိုင်းမှာတော့ ကုန်ကျစရိတ် ပိုမိုသက်သာတဲ့ စက်တပ်လေထီး ပါရာမိုတာနဲ့ နေ့စဉ် ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကနေ မေ ၄ ရက်နေ့အထိ စစ်ကော်မရှင်တပ်ဟာ ဝင်းတာပန်ကျေးရွာအနီးတဝိုက်ကို စက်တပ်လေထီး ပါရာမိုတာနဲ့ တစ်နေ့လျှင် အနည်ဆုံး နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတာတွေ လုပ်ဆောင်နေတာပါ။

စက်တပ်လေထီး ပါရာမိုတာနဲ့ဗုံးကြဲနေမှုတွေကြောင့် ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူစိုက်ခင်းတွေနဲ့နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ဗုံးလာကြဲတဲ့ စက်တပ်လေထီး ပါရာမိုတာ တစ်စီး ပစ်ခတ်ခံရပြီးနောက် ခမရ ၃ တပ်ရင်းနဲ့ သုံးမိုင်အကွာမှာ ပျက်ကျခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.