မော်လူး၊ မေ ၆

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးခဲ့တဲ့ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မော်လူးမြို့ကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တစ်ပတ်နီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေ ၅ ရက်နေ့မှာ စစ်တပ်က မော်လူးမြို့တစ်ခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အချက်အချာကျတဲ့ ပြည်နယ်ချင်းဆက် လမ်းတစ်လမ်းဖြစ်တဲ့ ရွှေဘို- မြစ်ကြီးနား ကားလမ်းဘေးမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးကြီးတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

မော်လူးမြို့သိမ်းတိုက်ပွဲအတွင်း ရန်သူအလောင်း၊ လက်နက်ခဲယမ်းတွေအပြင် တရားမဝင်လုပ်ကိုင်နေတဲ့ စက်သုံးဆီသိုလှောင်တဲ့နေရာတွေကနေ စက်သုံးဆီထည့် သံပီပါခွံများနှင့် ကော်ပီပါခွံများ၊ ဆီလှောင် ကန်များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ခဲ့တာကြောင့် မော်လူး – နန့်စီးအောင်လမ်းပိုင်း အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်သွားမယ်လို့ စစ်တပ်ဘက်က အသိပေးထားပါတယ်။

မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး နှစ်နှစ်ကျော်မှာ ပြန်လည်လက်လွှတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.