ဘန်ကောက် ၊ မေ ၆
မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မေ ၅ ရက်မှာ ပြောပါတယ်။
ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်ထောက်ခံတဲ့ အစိုးရသစ်နဲ့ ပိုမို စေ့စပ် ဆက်ဆံရေး အာဆီယံအဖွဲ့တွင်း ဘုံသဘောတူညီချက် တည်ဆောက်ဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်တာ ဖြစ်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ရွေးကောက်ခံ အစိုးရကို ဖြတ်ချပြီး ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် မြန်မာ စစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးတွေ မတက်ရောက်ဖို့ အာဆီယံက တားမြစ်ထားခဲ့ပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကွေး နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးများ အဆင့် အပါအဝင် မြန်မာ ခေါင်းဆောင်တွေနဲ့ ပြန်လည် စေ့စပ် ဆက်ဆံရေး တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ နောက်ထပ် တွေ့ဆုံမှု တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း ဝန်ကြီး ဆီဟာဆက်က ရိုက်တာ သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
အဲဒီနောက် လတ်တလော အခြေအနေတွေနဲ့ သူတို့ ဘာလုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက မိမိတို့ကို ရှင်းပြနိုင်မှာ ဖြစ်ကြောင်း ဝန်ကြီး ဆီဟာဆက်က ဆိုပါတယ်။
အဲဒီလို တွေ့ဆုံရေး တစ်ဆင့်ချင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာ သတင်းဌာနက မြန်မာ အစိုးရ ပြောရေးဆိုခွင့် ရှိသူဆီ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ဝန်ကြီး ဆီဟာဆက်က မြန်မာနဲ့ အာဆီယံ ပြန်လည် စေ့စပ်ရေး ခက်ခဲမှာ ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။
အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ အစိုးရသစ်ကို လူသိရှင်ကြား ထောက်ခံမှု မရှိတာကြောင့် ပြန်လည် စေ့စပ်ရေး ခက်ခဲမှာ ဖြစ်ကြောင်း သူက ပြောဆိုခဲ့တာပါ။
အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်မှာ တွေ့ဆုံမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သူ့ရဲ့ အစီအစဉ်ကို တင်ပြ ဆွေးနွေးဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဆီဟာဆက်က ပြောပါတယ်။
ဒါပေမဲ့ အခုလို ဆောင်ရွက်တာက ထိုင်းအနေနဲ့ တစ်ဖက်သတ် လုပ်ဆောင်လိုတဲ့ ကိစ္စ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် လအနည်းငယ် အကြာမှာ အာဆီယံက မင်းအောင်လှိုင်နဲ့ အချက် ၅ ချက် ပါဝင်တဲ့ ဘုံသဘောတူညီချက် တစ်ရပ်နဲ့ ငြိမ်းချမ်းရေး အစီအစဉ် တစ်ရပ် သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ခေါင်းဆောင်တွေ အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ တားမြစ်ထားပါတယ်။
၂၀၂၅ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ မလေးရှားက အဲဒီ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အရမ်းကြီး မခက်ခဲဘူးလို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေပြီး အရပ်သား ၆၈၀၀ သေဆုံးခဲ့ရပါတယ်။
မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်စေချင်တယ်ဆိုရင် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် မိမိတို့ လုပ်ဆောင်နိုင်မယ့် အလုပ်တစ်ခုကို စဉ်းစားရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။
Ref:Reuters

