ဆိုးလ်၊ မေ ၅

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် တိုက်ခိုက်မှုကြောင့်လို့ ပြောထားတဲ့ ဖြစ်ရပ် တစ်ခု အတွင်း ဟောမု့ဇ် ရေလက်ကြားထဲ တောင်ကိုရီးယား ပြေးဆွဲတဲ့ ကုန်တင်သင်္ဘော မီးလောင် ပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း ဆိုးလ်အစိုးရက မေ ၅ ရက်မှာ ပြောပါတယ်။

သင်္ဘောကို ဆွဲယူပြီး ထိခိုက်ပျက်စီးမှုကို စစ်ဆေးပြီးနောက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ပြောဆိုပါတယ်။

တောင်ကိုရီးယားက ပြေးဆွဲပြီး ပနားမား အလံ စိုက်ထူထားတဲ့ ကုန်တင်သင်္ဘော မေ ၄ ရက်မှာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပြီးနောက် သင်္ဘောသားတွေကို ဖယ်ထုတ်ထားပြီး ကျောက်ချ ရပ်နားထားတယ်လို့ သိရပါတယ်။

သင်္ဘောပေါ်မှာ ထိခိုက် ဒဏ်ရာရသူ တစ်ယောက်မှ မရှိဘဲ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ထားနိုင်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား သင်္ဘောကုမ္ပဏီ HMM က ပြောပါတယ်။

အဲဒီ သင်္ဘောကို အနီးဆုံး ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ပြန်လည် ပြုပြင်ရေး ကြိုးပမ်းနေပြီလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ သင်္ဘောဟာ တန်ချိန် ၃၅၀၀၀၀ အလေးချိန်ရှိပြီး သင်္ဘောသား ၂၄ ဦးစလုံးကို စောင့်ရှောက်ထားတယ်လို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။

သင်္ဘောရဲ့ စက်ခန်းထဲမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ပြန်လည် ငြိမ်းသတ်ထားနိုင်ကြောင်း စီစီတီဗီ ကင်မရာ ပုံရိပ်တွေမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ကုန်တင်သင်္ဘောတွေရဲ့ ထိခိုက်နစ်နာမှု အတိုင်းအတာကို ဗြိတိန်က စစ်ဆေးဖို့ စီစဉ်နေပါတယ်။

ဟောမု့ဇ် ရေလက်ကြားအနီး ပိတ်မိနေတဲ့ တောင်ကိုရီးယား အလံ စိုက်ထူထားတဲ့ သင်္ဘော ၂၆ စီး ရှိတယ်လို့ ဆိုးလ် အစိုးရက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို အမေရိကန် ရေတပ် အကူအညီနဲ့ ကယ်ထုတ်ပေးနေတယ်လို့ ပြောထား ပေမယ့် အန္တရာယ်ကင်းကင်း ဖြတ်သန်း နိုင်တဲ့ သင်္ဘော အနည်းငယ်ပဲ ရှိပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.