ရေဖြူ၊ ဧပြီ ၂၁

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဧပြီ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ထိန်ကြီးကျေးရွာ မင်္ဂလာပွဲကျင်းပနေတဲ့ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီမင်္ဂလာဆောင်ဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်ပြီး ဒလန်သတင်းပေးမှုကြောင့် စစ်ကော်မရှင်တပ်က လာရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုအတွင်း သတို့သားနဲ့ သတို့သမီးတို့နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မင်္ဂလာပွဲမှာ ကျန်နေတဲ့ သတို့သားအမေအပါအဝင် အရပ်သား ပြည်သူ ၂၀ ထက်မနည်းကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်္ဂဆောင် ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ ထိန်ကြီးကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး အရပ်သားပြည်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးထားကာ ဒီကနေ့ နေ့လည်ပိုင်းအထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကစလို့ ရေနက်ဆိပ်ကမ်းစီမံကိန်းစခန်းကနေ ထွက်လာပြီး ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.