ဘီးလင်း၊ ဧပြီ ၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာနဲ့ မြစ်ကျိုးကျေးရွာတို့ကို စစ်တပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေအပါအဝင် KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ အင်အား ၁၀၀ ကျော်ရှိတဲ့ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

စခန်းသိမ်းတိုက်ပွဲကြောင့် စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က ဧပြီ ၁၉ ရက်နေ့အထိ စစ်တပ်ဟာ ဝင်းတာပန်နဲ့မြစ်ကျိုးကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ထားတယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေအပါအဝင် ဒေသခံ နေအိမ် ဆယ်နဲ့ချီ ထိမှန်ပျက်စီးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်တပ်ရဲ့ ဗုံးကြဲမှုဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်းတာပန်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

လေးကေနဲ့ဝင်းတာပန် စခန်းသိမ်းတိုက်ပွဲတွေကြောင့် လေးကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ဝင်းတာပန်၊ မင်းစောကျေးရွာတို့က ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.