နေပြည်တော်၊ ဧပြီ ၂၁

ပညာရေးနဲ့အသိပညာ အားနည်းမှုကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ ဧပြီ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း သမ္မတရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

အာဏာသိမ်း သမ္မတက လက်ရှိ နိုင်ငံရေးပြဿနာဟာ နိုင်ငံရဲ့ ပညာရေး အားနည်းချက်ကို အသုံးချပြီး ပြည်တွင်းပြည်ပရှိ နိုင်ငံရေးသမားတွေက သူတို့ရဲ့ အကျိုးအတွက် သွေးထိုးလှုံ့ဆော်ကာ အသုံးချလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

သူ့အစိုးရအဖွဲ့ တာဝန်ယူမယ့် ငါးနှစ်အတွင်း ပညားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ အာဏာသိမ်း သမ္မတက သူ့အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ အတွင်း လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို အသိပေးပြောဆိုသွားတာပါ။

ရက် ၁၀၀ အတွင်းမှာ PDF တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ERO တွေကိုလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မထိုးရတဲ့သေးတဲ့ အဖွဲ့တွေအပြင် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့လည်း လာမယ့် ဇူလိုင် ၃၁ ရက် မတိုင်မီ ငြိမ်းချမ်းရေးအတွက် လာကြဖို့ အာဏာသိမ်း သမ္မတ ဖိတ်ခေါ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.