မော်လမြိုင် ၊ ဧပြီ ၂၀

နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်ပြီး တိုင်းပြည်နဲ့ ပြည်သူကို နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိတဲ့ အဆိုးကျော့သံသရာကနေ အပြီးတိုင်လွတ်မြောက်ရေးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ဝမ်းမြောက်စွာနဲ့ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ NUG ရဲ့ သဘောထားကြေညာချက်တစ်ရပ်ကို ဧပြီ ၁၈ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့တာပါ။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားတွေနဲ့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထား ရပ်တည်ချက်တွေအရ ဖြစ်စေ SCEF ရဲ့ ထုတ်ပြန်ချက်အရ ဖြစ်စေ ခိုင်ခိုင်မာမာ ဆက်လက် စွဲကိုင်ကာ တိုင်းတာ ဆုံးဖြတ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဘုံသဘောထား ရပ်တည်ချက်တွေထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ရေး အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ထားရှိရေး ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။

သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးနဲ့ ထွက်ပေါ်လာတဲ့ အဲဒီဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ပါ။

ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ဖို့ကိုလည်း ထည့်သွင်းထားပါသေးတယ်။

အထူးသဖြင့် စစ်အုပ်စုရဲ့ လူထုတရပ်လုံးအပေါ် ကျူးလွန်ခဲ့ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုတွေကိုလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်တဲ့ အခြေအနေရှိမှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တယ်လို့ မှတ်ယူပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ NUG အစိုးရအနေနဲ့ ခေတ်ပြောင်းစနစ်ပြောင်းစေရေး ဦးတည်ဆောင်ရွက်နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမယ်လို့ အဓိဋ္ဌာန်ပြုထားတာပါ။

တစ်ဘက်မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ပြည်တွင်းပြည်ပ တော်လှန်ရေးဖိအားတွေကြောင့် အခုလို မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့တာဟာ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတစ်ရပ်အဖြစ် အခိုင်အမာ ယုံကြည်တယ်လို့ ဆိုပါတယ်။

NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု ကိုင်စွဲထားသလို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အဲဒီ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံအဖြစ် ဆက်လက်အသိအမှတ်ပြုထားကြပါ။

ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ထဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးကိုလည်း NUG ရဲ့ ကြေညာချက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.