မော်လမြိုင် ၊ ဧပြီ ၁၉

တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မြန်မာ့နှစ်ဦးသဝဏ်လွှာမှာ ထည့်ပြောပါတယ်။

NUG နဲ့ CRPH အပါအဝင် K3C လို့ ခေါ်တဲ့ KIO ၊ KNU ၊ KNPP နဲ့ CNF တို့ တပ်ပေါင်းစုအသွင် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF မှာ နိုင်ငံရေးစုဖွဲ့မှုနဲ့ စစ်ရေးစုဖွဲ့မှု ပါဝင်ပါတယ်။

နိုင်ငံရေးမျက်နှာစာမှာ SCEF ဖွဲ့စည်းနိုင်တာဟာ တော်လှန်ရေး တဆင့်တက်မှုဖြစ်ပြီး နိုင်ငံရေးအခြေခံပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်ကာ ပီပြင်တဲ့ တော်လှန်ရေးဦးဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဦးရည်မွန်က ဆိုပါတယ်။

SCEF ဟာ တခုတည်းသော မူဝါဒနဲ့ မဟာဗျူဟာအောက်မှာ အလုပ်လုပ်ကြမှာ ဖြစ်ပြီး ဦးဆောင်မှု ခိုင်မာဖို့နဲ့ မဟာဗျူဟာ မှန်ကန်ဖို့ဟာ တော်လှန်ရေးအောင်မြင်ဖို့ အသက်တမျှ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအတွက် စစ်ရေးအပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ် တည်ဆောက်ကာ တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲသွားမယ်လို့ ဦးရည်မွန်က အသိပေးခဲ့ပြီး ဘယ်လိုပုံစံနဲ့ ဗဟိုကွပ်ကဲမှုစနစ် တည်ဆောက်မလဲဆိုတာ အသေးစိတ် ထည့်မပြောထားပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်က မြေပြင်တိုက်ပွဲထက် ဆွေးနွေးရေးလမ်းကြောင်းဘက်ကို ဦးတည်တဲ့ အနေအထားရှိလို့ SCEF အနေနဲ့ နယ်မြေပိုင်းခြားခွဲဝေမှုအတွက် ဗဟိုကွပ်ကဲမှုအားကောင်းကောင်းနဲ့ လုပ်လာတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

“SCEF အနေနဲ့ သွားမယ်ဆိုရင် လက်ရှိ တော်လှန်ရေးတပ်တွေက အုပ်ချုပ်မှုတစ်ခု COC (အမိန့်ပေးကွပ်ကဲမှုစနစ်) တစ်ခုအောက်တည်းမှာပဲ ရှိရမယ်။ ဒါမှ နယ်မြေပိုင်းခြားမှုတွေ ခွဲဝေမှုတွေ စကားတွေ ပြောရမှာပေါ့။ ဗမာပြည်ယူနစ်ကိစ္စကို အကြီးအကျယ်ပြောတဲ့ နေရာမှာ ဒီဟာတွေတော့ လိုက်လျောပြီး လိုက်မလျောဘူးဆိုရင် တချို့ COC အောက်မှာ မရှိတဲ့ တပ်တွေက သူတလူ ငါတမင်းနဲ့ ဆက်ပြီးတော့ စစ်ရေးဖော်ဆောင်မှု အချိုးမညီဘူးဆိုရင် တစ်မျိုးတစ်မည်ဖြစ်သွားမှာပေါ့။ အဲဒီတော့ သူတို့ကလည်း ပြောမှာပေါ့၊ ကိုယ့်လူကိုယ်ထိန်းပေါ့။ အဲဒီတော့ ကိုယ့်လူကိုယ်ထိန်းနိုင်အောင် ဗဟိုကွပ်ကဲမှုစနစ် အားကောင်းကောင်းနဲ့ လုပ်လာတဲ့ အနေအထားမျိုးလို့ ကျွန်တော်တို့က မြင်တယ်”လို့ ဆိုပါတယ်။

SCEF ရဲ့ ရည်ရွယ်ချက်မှာတော့ တော်လှန်ရေးကို အရှိန်မြှင့်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရေးနဲ အသွင်ကူးပြေင်းရေး အစိုးရတစ်ရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

ဒ့ါအပြင် ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားကာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့လည်း ပါဝင်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ဒီအချိန်မှာ တော်လှန်ရေးဟာ ရပ်တန့်နေတာ မရှိသလို နောက်ဆုတ်နေတာလည်း မရှိဘူးလို့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားတာပါ။

မြို့တချို့ကို လက်လွှတ်ခဲ့ရပေမယ့် နယ်တွေမှာ တော်လှန်ရေး ရဲဘော်တွေ ဆက်ရှိနေတာမို့ ပြောက်ကျားနည်းဗျူဟာသုံးပြီး ရန်သူကို ပြန်လည်ဝိုင်းပတ်ရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်နေကြတာလို့ ဆိုပါတယ်။

လက်ရှိ စစ်ရေးအခြေအနေဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီအပါအဝင် ကျန်တိုင်းရင်းသားဒေသတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ နယ်မြေတွေမှာ စစ်တပ်က ဗုံးကြဲနေသလို တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပါ။

တစ်ဘက်မှာ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မြောက်ပိုင်းက ကိုးကန်းတပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားကြတဲ့အတွက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ တစ်ခန်းရပ်ခဲ့ရပါတယ်။

ဒါ့အပြင် TNLA ကလည်း အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရသစ်ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ မျှော်လင့်ထားကြောင်း အသိပေးထားတာပါ။

စစ်တပ်ဘက်ကို ကြည့်မယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပြောင်းအလဲလုပ်ထားသလို လူထုကနေ ရွေးကောက်တင်မြှောက်ထားတယ်ဆိုပြီး အမည်ခံထားတဲ့ လွှတ်တော်နဲ့ အစိုးရသစ် တည်ရှိနေတာပါ။

ဒီအခြေအနေမှာ NUG အပါအဝင် CRPH နဲ့ K3C တို့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်ခြင်း မရှိသေးပါဘူး။

ဦးရည်မွန်ကတော့ SCEF ဟာ အမျိုးသားညီညွတ်မှု အားပိုကောင်းလာတဲ့ အမှတ်လက္ခဏာလည်း ဖြစ်တဲ့အတွက် အဲဒီအားကို အရင်းတည်ပြီး ခိုင်မာတဲ့ ဦးဆောင်မှု၊မှန်ကန်တဲ့ မဟာဗျူဟာအောက်မှာ စိတ်ဇွဲသန်သန်နဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.