ရေး၊ ဧပြီ ၂၀

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်နက်တိုက် မီးလောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စကခ ၁၉ လက်နက်တိုက်ဟာ မနေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ဝါယာရှော့ကြောင့် မီးစတင် လောင်ကျွမ်းပြီးနောက် အဆက်မပြတ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

လက်နက်တိုက် မီးလောင်မှုကြောင့် လက်နက်ဂိုထောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

လက်နက်တိုက် မီးလောင်မှုကို မီးသတ်တပ်ဖွဲ့တွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အချိန် နှစ်နာရီနီးပါးအကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတွေကလည်း လက်နက်တိုက် မီးလောင်မှုကြောင့် ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားရကြောင်းနဲ့ မီးခိုးတွေ အလိပ်လိုက်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်နက်တိုက် မီးလောင်မှုကို စစ်တပ်ဘက်က ဓာတ်ပုံရိုက်ကူးခွင့် ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်တိုက် မီးလောင်မှုကြောင့် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးအပါအဝင် တာဝန်ရှိသူအဆင့်ဆင့် ရာထူးဖြုတ်ချခံရတာနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.