တနင်္သာရီ၊ ဧပြီ ၂၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု တိုက်ကမ်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တကူကျေးရွာအုပ်စုရှိ တိုက်ကမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကြဲမှုကြောင့် တကူကျေးရွာတစ်ဖက်ကမ်းရှိ ဒေသအခေါ် တိုက်ကမ်းကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ တိုက်ကမ်းကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးလှုပ်ရှားတာမျိုး ဘာတခုမှမရှိဘဲ အရပ်သားပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ တကူကျေးရွာအုပ်စုရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် ဒရုန်းနဲ့ အသေခံ ကာမီကာဇေဒရုန်းတွေနဲ့ မကြာခဏ လာရောက် တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု ပိန်းတောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ အသေခံ ကာမီကာဇေ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.