ဖာပွန်၊ ဧပြီ ၂၁
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဖာပွန်ခရိုင် ဘူးသိုမြို့နယ် အူးမယ်ထရွာမှာရှိတဲ့ KNU ဆေးရုံတစ်ခုကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNU တပ်မဟာ ၅ နဲ့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ အူးမယ်ထရွာမှာရှိတဲ့ KNU ဆေးရုံကို ဧပြီ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်က လေယာဉ်ကနေ ကြဲချတိုက်ခိုက်လိုက်တဲ့ ဗုံးသီးတွေဟာ အူးမယ်ထရွာထဲမှာ အမြောက်အမြား ကျရောက်ပေါက်ကွဲခဲ့သလို တစ်ဖက်ထိုင်းနိုင်ငံ မဲ့ဟောင်ဆိုင်ခရိုင်ထဲမှာလည်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
အူးမယ်ထရွာအပါအဝင် KNU တပ်မဟာ ၅ ထိန်းချုပ်တဲ့ သံလွင်မြစ်ကမ်းဘေး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့ စစ်ကော်မရှင်တပ်က အကြောင်းမဲ့သက်သက် အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အူးမယ်ထရွာကို ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးတွေကို အသုံးပြုပြီး စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအဆောက်အဦးလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNU ဗဟိုက ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဧပြီ ၁၄ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာရှိတဲ့ မူတြော်ဂျူနီယာကောလိပ်ကျောင်းကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲဖျက်ဆီးခဲ့ရာ အဆောက်အဦး ၄ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ကလည်း KNU တပ်မဟာ ၅ နယ်မြေရှိ ခဲပါထကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၁ လုံး လုံးဝပျက်စီးသွားခဲ့သလို ခရစ်ယာန်ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
အခုလို အရပ်သားတွေကိုပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေဟာ ကော်သူးလေနယ်မြေ အခြားနေရာတွေမှာလည်း နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိပြီး ဒါဟာ တိုက်ပွဲအတွင်း မတော်တဆဖြစ်ပွားမှုတွေမဟုတ်ပဲ အများပြည်သူအသုံးပြုနေတဲ့ အရေးပါတဲ့အခြေခံအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်တယ်လို့ KNU ဗဟိုက ဆိုပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ စစ်တပ်ကို လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး အခုဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ထိရောက်တဲ့ တားဆီးကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ KNU ဗဟိုက တိုက်တွန်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

