ဘားအံ၊ ဧပြီ ၁၀
ကရင်အမျိုးသားအစည်းအရုံး KNU ဖားအံခရိုင်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
KNU ဖားအံခရိုင်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၅ ဦး၊ အကျဉ်းသူ ၃ ဦး၊ စုစုပေါင်း ၃၈ ဦးကို ဧပြီ ၆ ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့တာပါ။
လွှတ်ငြိမ်းချမ်းသာခွင့်ပေးရတာဟာ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး ရည်ရွယ်တာ ဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို ဦးစားပေး စိစစ်ရွေးချယ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို KNU ဖားအံခရိုင်တာဝန်ရှိသူတွေက နောက်နောင်မှာ ပြစ်မှုထပ်မံကျူးလွန်ခြင်းမရှိစေဖို့ ဆုံးမသြဝါဒပေးတာ၊ လိုအပ်တဲ့ ခရီးစရိတ်နဲ့ စားစရိတ်တွေ ထောက်ပံ့ပေးပြီး သက်ဆိုင်ရာ ရပ်ရွာသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ရောက်ရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်တဲ့ အခမ်းအနားကို KNU ဖားအံခရိုင်အတွင်းရေးမှူး ပဒိုစောဘာဒီဖိုး၊ ဖားအံခရိုင်ရဲမင်းကြီး စောမောင်ကြည်နဲ့ အခြားတာဝန်ရှိခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်လိုက်တဲ့ အကျဉ်းသားတွေဟာ ဘယ်လိုပြစ်မှုတွေ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေဆိုတာကိုတော့ KNU ဗဟိုဘက်က တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

