မကွေး ဧပြီ ၉

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ထိမှန်ပြီးထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီနေ့ ဧပြီ ၉ ရက် သန်းခေါင်အကျော် ၁၂ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကို ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်နဲ့ ကျစ်ကိုင်း ဂိတ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

“အခုပစ်တာက ဘာမှမရှိတဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို ရမ်းပစ်တာ။ တိုက်ပွဲ ဖြစ်ပွားနေတာက မုန်းချောင်းရဲ့ မြောက်ဘက်မှာ၊ ပစ်တဲ့ဝါတပ်နဲ့လည်း အဝေးကြီးပါ။”လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီးနဲ့ ၁၂ ကြိမ်နဲ့အထက် ပစ်ခတ်ခဲ့ပြီးတော့ သေနပ်ဝ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၂၈ အရွယ် မဖြူဖြူသင်း သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်မရှင်ရဲ့ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ပွင့်ဖြူမြို့နယ် မုန်း​ချောင်းမြောက်ဘက်က ကျေးရွာတွေဘက်ကို ဧပြီ ၈ ရက် မနက်ပိုင်းကစပြီး စစ်ကြောင်းဝင်ရောက်နေတာပါ။

ဧပြီ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း စစ်ကော်မရှင်တပ်သားတွေက ပွင့်ဖြူမြို့နယ် မလွှကုန်းရွာသစ်ကို မီးရှို့ဖျက်ဆီးနေပြီး အိမ်ခြေ ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

အဲဒီစစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ်တွေ ပျံသန်းနေတာကြောင့်လည်း စစ်ဘေးရှောင်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

စစ်ကော်မရှင်ရဲ့စစ်ကြောင်းကြောင့် ရေပုတ်ကလေး၊ ရေပုတ်ကြီး၊ ကနီ၊မဒဲ၊ အင်းကုန်း၊ ထူးပေါက်၊ ညောင်ပင်စောက်၊ မုန်းဇလဲ၊ ပေတောကျောင်းကုန်း စတဲ့ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.