နေပြည်တော်၊ ဧပြီ ၁၀

ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။

ဒီကနေ့ ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးနဲ့ပတ်သက်ပြီး ကန့်ကွက်ဆွေးနွေးမယ့်သူ မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်အပ်လိုက်တယ်လို့ နာယကဖြစ်သူ ဦးအောင်လင်းဒွေးက ကြေညာပါတယ်။

လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးမောင်မြင့်တို့ ဖြစ်ပါတယ်။

အတည်ပြုခန့်အပ်ခံရတဲ့ ဝန်ကြီး ၃၀ ဦးမှာ ၂၀ ဦးဟာ လက်ရှိ စစ်ကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ ဖြစ်ကြီး ကျန်တဲ့ ဝန်ကြီးတွေကလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ခေါင်းဆောင်ရဲ့ ယုံကြည်ရတဲ့ စစ်တပ်ဩဇာခံသူတွေ ဖြစ်ပါတယ်။

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI ကတော့ စစ်တပ် အစိုးရသစ်ဟာ အမည်ခံကူးပြောင်းမှုနဲ့ စစ်အုပ်စုရဲ့ အဓိကပုဂ္ဂိုလ်တွေ အာဏာစွန့်လွှတ်ခြင်းမရှိဘဲ ရာထူးနေရာတွေ ပြောင်းလဲတာနဲ့ အဖွဲ့အစည်းဆိုင်ရာ အမည်နာမ အသစ် တပ်ခြင်းသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.