မော်လမြိုင် ၊ ဧပြီ ၁၀

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေဟာ မြေပြင်ပကတိအခြေအနေအမှန်တွေကိုသာ ဗဟိုပြုပြီး ချဉ်းကပ်ဆောင်ရွက်သင့်တယ်လို့ BNI – Myanmar Peace Monitor က တိုက်တွန်းပါတယ်။

ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ BNI – Myanmar Peace Monitor ရဲ့ ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ – မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များ ဆန်းစစ်ခြင်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာပါ။

လက်ရှိ ပကတိအခြေအနေတွေကို ကြည့်ရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိဖို့ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတစ်ခုအဖြစ် အဓိပ္ပာယ်မှားကောက်ယူခြင်း မပြုသင့်ဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုလိုခြင်းဟာ မြေပြင်ရှိ ဖယ်ကျဉ်ခံထားရမှုတွေနဲ့ တရားဝင်မှုကင်းမဲ့နေတဲ့ အခြေအနေမှန်တွေကို ဖုံးကွယ်ရာရောက်နေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မဲပေးခွင့်မရသူတွေနဲ့ မဲမပေးလိုသူတွေရဲ့ အသံတွေကို လျစ်လျူရှုမိတဲ့ အန္တရာယ်ရှိနေတာကြောင့် နိုင်ငံတကာအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေဟာ လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ ရွေးကောက်ပွဲရလဒ်တွေအပေါ် အခြေမခံဖို့ ဖြစ်ပါတယ်။

စစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအတွက် အနိမ့်ဆုံးသော စံနှုန်းတွေကိုတောင် ပြည့်မီဖို့ များစွာလိုအပ်နေသေးတယ်လို့ BNI – Myanmar Peace Monitor က ဆိုပါတယ်။

ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသူရဲ့ ၃၅ ရာခိုင်နှုန်းကို ဖယ်ရှားလိုက်တာ နယ်မြေအမြောက်အများမှာ ရွေးကောက်ပွဲ ဖျက်သိမ်းတာနဲ့ အတိုက်အခံပါတီတွေ မရှိတာ စတဲ့ ဖိနှိပ်ချယ်လှယ်မှုတွေကို အခြေခံပြီး ပုံဖော်ထားတာကြောင့်ပါ။

ဒီကန့်သတ်ချက်တွေကို တင်းကျပ်တဲ့ နိုင်ငံရေးစည်းမျဉ်းတွေ ကိုယ်စားလှယ်တစ်ဦးတည်းသာရှိတဲ့ မဲဆန္ဒနယ်အရေအတွက် များပြားတာ ပွင့်လင်းမြင်သာမှုနဲ့ ကြီးကြပ်မှုအားနည်းတဲ့ ကြိုတင်မဲတွေကလည်း စစ်တပ်က ကျင်းပတဲ့ ‌ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို လွန်စွာ ထိခိုက်စေခဲ့တာပါ။

အကျိုးဆက်အနေနဲ့ ရွေးကောက်ပွဲရလဒ်ဟာ စစ်မှန်တဲ့ နိုင်ငံရေးယှဉ်ပြိုင်မှုကို ထင်ဟပ်တာထက် စစ်တပ်ရဲ့ အုပ်ချုပ်ရေးအာဏာ ဆက်လက်ထိန်းချုပ်နိုင်ရေးကိုသာ ထင်ဟပ်နေပြီး တရားဝင်မှု ကင်းမဲ့ခြင်းကို ဖြစ်ပေါ်စေခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ တိုင်းရင်းသားဒေသတွေမှာ အထင်ရှားဆုံး တွေ့မြင်နိုင်ပြီး အဲဒီဒေသအများအပြားမှာ မဲပေးမှုကနေ လုံးဝ ဖယ်ထုတ်ခံခဲ့ရကာ မဲပေးခွင့်ရတဲ့ ဒေသကလည်း မလုံခြုံမှု နေရပ်စွန့်ခွာရမှုနဲ့ နိုင်ငံရေးအရ ရွေးချယ်ခွင့် ကန့်သတ်ချက်အောက်မှာ မဲပေးသူအရေအတွက် သိသိသာသာ လျော့နည်းခဲ့ပါတယ်။

အပိုင်းသုံးပိုင်းနဲ့ ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်းရှိ ၂၆၃ မြို့နယ်အတွင်း ပြုလုပ်ခဲ့ပေမယ့် ရပ်ကွက် ၂၀၀ ကျော်နဲ့ ကျေးရွာအုပ်စု ၃၆၀၀ ကျော်မှာတော့ မဲပုံးမထောင်နိုင်ခဲ့ပါဘူး။

ဒီအတွက် မဲပေးသူ ၂၄ ဒသမ ၁၃ သန်းရှိခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် လူပေါင်း ၁၃ သန်းကျော် တနည်းအားဖြင့် မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းဟာ ချန်လှပ်ခံခဲ့တာရပါ။

တစ်ဘက်မှာ တိုင်းရင်းသားပါတီတချို့က ဒေသအလိုက် အနိုင်ရရှိခဲ့ပေမယ့်လည်း မဲပေးသူတွေဟာ ရွေးချယ်စရာ အခြားမရှိလို့ အနီးစပ်ဆုံး သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေကိုသာ မဲပေးလိုက်ရတဲ့ အနေအထားမျိုးလည်း ရှိနေတာပါ။

ဒေသများစွာမှာ မဲဆန္ဒရှင်တွေဟာ စစ်တပ်ကျောထောက်နောက်ခံ ကိုယ်စားလှယ်‌လောင်းတွေကို ရှောင်ရှားဖို့ အခြားပါတီကို မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီဒေသတွေရဲ့ ရွေးကောက်ပွဲရလဒ်တွေကို နိုင်ငံရေးအရ လိုလားချက်တွေကို တစ်စိတ်တစ်ပိုင်းနဲ့ အခြေအနေအရ ဖော်ပြချက်တွေအဖြစ်သာ နားလည်သင့်ပြီး လက်ခံမှု ဒါမှမဟုတ် တရားဝင်မှုရဲ့ ပြယုဂ်တွေအဖြစ် မယူဆသင့်ဘူးလို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.