မြဝတီ၊ ဧပြီ ၁၀

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို သိမ်းယူဖို့ စစ်ကော်မရှင်တပ်က တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က ဂျိုင်းတံတားကိုဖြတ်လာပြီး ကျုံးဒို၊ ကော့ကရိတ်မြို့ကတစ်ဆင့် အင်အားအပြည့်တင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၁၃ စီးဟာ မြဝတီမြို့နယ်ထဲကို ဧပြီ ၈ ရက်နေ့ မနက်အစောပိုင်းက ဝင်ရောက်လာခဲ့တာပါ။

ဖလူးဒေသခံတစ်ဦးရဲ့ အဆိုအရ စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ကနေတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါ်လေ ကားလမ်းအတိုင်း အင်ကြင်းမြိုင်ကျေးရွာကနေ မင်းလက်ပံရွာဘက်ကိုဦးတည်ပြီး တပ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းက ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာတွေအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ အသုံးပြုပစ်ချနေတယ်လို့ ဖလူးဒေသခံက ဆိုပါတယ်။

ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာထဲကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ပစ်ချခဲ့တာကြောင့် ကျေးရွာအတွင်းမှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်နေတယ်လို့ ဆိုပါတယ်။

မင်းလက်ပံကျေးရွာနဲ့ ဖလူကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရွာသူရွာသားတွေဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေရတာရှိသလို စစ်ရှောင်ပြည်သူအများစုကတော့ နီးစပ်ရာနေရာတွေ၊ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ဦးတည်ပစ်မှတ်ထားပြီး စစ်ကော်မရှင်တပ်က တိုက်ခိုက်မှုတွေ အမြဲလုပ်ဆောင်နေခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ခဏခဏ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.