ဘေဂျင်း၊ ဧပြီ ၆
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်က ရုရှားနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားအောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၅ ရက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့ပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းနိုင်ရေး ဖြေရှင်းဖို့ အခြေခံကျတဲ့ နည်းလမ်းဟာ တတ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့ဖြစ်ကြောင်း၊ တရုတ်အနေနဲ့ ရန်လို တိုက်ခိုက်မှုတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် နိုင်ငံရေးအရ ဖြေရှင်းဖို့ အမြဲ အားပေးကြောင်း ဝန်ကြီး ဝမ်ယိက ပြောပါတယ်။
ဟောမု့ဇ် ရေလက်ကြားနဲ့ အနီးအနားက ဖြတ်သန်းသွားတဲ့ စီးပွားဖြစ် သင်္ဘောတွေကို ကာကွယ်ပေးရေး ဘာရိန်းရဲ့ အဆိုကို ကုလ လုံခြုံရေးကောင်စီမှာ လာမယ့် သီတင်းပတ်မဲခွဲဆုံးဖြတ်ဖို့ ရှိနေချိန် တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားအနေနဲ့ ဦးတည်ချက် တစ်ရပ်သတ်မှတ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှု ထောက်ခံမှု ပိုမို ရရှိရေး ဟန်ချက်ညီညီ ချဉ်းကပ် ကြိုးပမ်းသင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးက အရှေ့အလယ်ပိုင်းမှာ အလျင်အမြန် အပစ်အခတ် ရပ်စဲရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် အဖြေရှာရေး ဆွေးနွေးခဲ့တယ်လို့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အီရန်နဲ့ ပတ်သက်တဲ့ အခြေအနေ အပါအဝင် ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ တရုတ်နဲ့ ရုရှား ချဉ်းကပ်ပုံ တိုက်ဆိုင်နေတာကြောင့် ကျေနပ်မိကြောင်း အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ရန်လို တိုက်ခိုက်နေတာ ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရေးပါတယ်။
တစ်လကျော် ကြာမြင့်လာပြီ ဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်ရေး တရုတ်က တိုက်တွန်းပြီး ပင်လယ်ကွေ့ဒေသနဲ့ အရှေ့အလယ်ပိုင်းမှာ အပစ်အခတ် ရပ်စဲကြဖို့ အကြိမ်ကြိမ် တိုက်တွန်းထား ပါတယ်။
အမေရိကန်နဲ့အီရန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကမ္ဘာ့ လောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပါတယ်။
အီရန်က ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားအတွက် ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ ကူညီထားပေမယ့် လောလောဆယ် ရုရှားက အီရန်ကို လက်နက် အကူအညီ ပေးတာ မတွေ့ရပါဘူး။
ဒါပေမဲ့ ရုရှားက အီရန်ကို ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောထားပေမယ့် အီရန်က အမေရိကန်နဲ့ ဆက်သွယ်မှု မရှိဘူးလို့ ပြောထားပါတယ်။
ဒီအတောအတွင်း အီရန်က အမေရိကန် တိုက်လေယာဉ် နှစ်စီးကို ပစ်ချခဲ့ပြီး လေယာဉ်မှူးတွေကို နှစ်နိုင်ငံ အပြိုင်အဆိုင် ရှာဖွေခဲ့ကြပေမယ့် အမေရိကန်က လက်ဦးပြီး ကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။
Ref:Reuters

