ဟာဗားနား၊ ဧပြီ ၄

အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန် ကျူးဘား အစိုးရက အကျဉ်းသား ၂၀၁၀ ဦးကို လွှတ်ပေးနေပြီ ဖြစ်ပါတယ်။

ဟာဗားနားမြို့ အရှေ့ပိုင်း လာလီးမား အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော် ပြန်လွတ်လာပြီး တစ်မနက်ခင်းလုံး လာစောင့်နေတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပါတယ်။

ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံခြားသားတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက် ၆၀ ကျော်အရွယ်တွေ ပါဝင်တယ်လို့ အမေရိကန်ရှိ ကျူးဘား သံရုံးရဲ့ ဧပြီ ၂ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကျူးဘားရဲ့ ကွန်မြူနစ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားအောင် လုပ်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြထား ပါတယ်။

ကျူးဘားကို ရေနံတင်ပို့မှု ပိတ်ဆို့ထားတာကြောင့် ပြင်းထန်တဲ့ လောင်စာ ပြတ်လပ်မှုနဲ့ နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားပိုင် ရေနံတင်သင်္ဘော တစ်စီး ရေနံစိမ်း စည်ပေါင်း ၇၃၀၀၀၀ တင်ဆောင်ပြီး ဇန်နဝါရီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘား ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။

ရုရှားက လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ကျူးဘားကို ရေနံ ပို့ပေးတာ ဖြစ်တယ်လို့ ပြောထားပြီး ထရန့်က ပြဿနာ မရှိဘူးလို့ ဆိုထားပါတယ်။

ကျူးဘားမှာ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အစိုးရကို ဝေဖန်သူတွေအနေနဲ့ နှောင့်ယှက် စော်ကားခံရသလို ရာဇဝတ်မှု စွဲချက်တွေနဲ့ ဖမ်းဆီး အရေးယူ ခံနေကြရပါတယ်။

အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်ထဲမှာ အကျင့်စာရိတ္တ ကောင်းကောင်းနဲ့ နေထိုင်မှု ပြစ်ဒဏ် အများစု ကျခံထားပြီးဖြစ်တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ ဖြစ်ကြောင်း ကျူးဘား သံရုံးက ပြောပါတယ်။

ဘာသာရေးပွဲတော် ကာလ နီးကပ်လာချိန်မှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ ဖြစ်ပြီး ကျူးဘားမှာ အဲဒီလို ရက်မျိုးနီးရင် အကျဉ်းသားတွေ ပြန်လွှတ်ပေးလေ့ ရှိပါတယ်။

အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးပြီးနောက် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုနဲ့အတူ ဗင်နီဇွဲလားမှာလည်း အကျဉ်းသား အများအပြား ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ဗင်နီဇွဲလားက ကျူးဘားကို ရေနံ ထောက်ပံ့ပေးနေတာ ဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် ကျူးဘားမှာ ရေနံ ပြတ်လပ်သွားခဲ့ပါတယ်။

အီရန် စစ်ပွဲကြောင့် ကျူးဘား လောင်စာ ပြဿနာ အခြေအနေ ပိုမို ဆိုးရွားလာချိန်မှာ ကျူးဘားအတွက် ရုရှားရဲ့ ရေနံ ပေးပို့မှုကို အမေရိကန်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.