လန်ဒန်၊ ဧပြီ ၄

လန်ဒန်မြို့ လမ်းမ တစ်ခုပေါ်မှာ လက်နက်တွေနဲ့ ရှော့ခ်တိုက် ကိရိယာ တစ်ခု ပါဝင်တဲ့ အိတ်တစ်အိတ် ရှာတွေ့ခဲ့ပြီးနောက် မြို့တော် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ရှေ့တန်း တာဝန်တွေကနေ ရပ်ဆိုင်းထားလိုက်ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

မတ် ၃၁ ရက် ညနေပိုင်းက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းရဲ့ နေအိမ် အပြင်ဖက်မှာ အဲဒီအိတ်ကို ပြည်သူတွေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီအိတ်ကို တာဝန်ကျ အရာရှိ တစ်ဦးက နေရာမှားပြီး ထားခဲ့ပုံရတယ်လို့ လောလောဆယ် မှတ်ယူရပြီး ပြည်သူ တစ်ဦးက ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မြို့တောင်ပိုင်း လမ်းမ တစ်ခုပေါ်မှာ မြို့တော် ရဲတပ်ဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေနဲ့ ရှော့ခ်တိုက် ကိရိယာ ပါဝင်တဲ့ အိတ်တစ်လုံး ရှာတွေ့ထားကြောင်း ပြည်သူ တစ်ဦးက လန်ဒန် ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အိတ်ထဲမှာ စက်သေနတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ရှော့ခ်တိုက် ကိရိယာနဲ့ ခဲယမ်းမီးကျောက် တချို့ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအိတ်ကို ရှာတွေ့သူက အိတ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ထားပြီးနောက် ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိတ်ကို မြို့တော်ဝန် ဆာဒစ်ခန်းရဲ့ လုံခြုံရေး အဖွဲ့ဝင်တွေထဲက တစ်ယောက်က ချန်ထားရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြို့တော်ဝန် ဆာဒစ်ခန်းဟာ ၂၀၁၇ ခုနှစ်ကတည်းက ၂၄ နာရီ လက်နက်ကိုင် ရဲလုံခြုံရေး အစောင့်အရှောက်နဲ့ နေထိုင်နေသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင် တချို့ရဲ့ ပေါ့ဆမှုကြောင့် အခုလို လက်နက်တွေ ထည့်ထားတဲ့ အိတ် လမ်းမပေါ်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပြီး သံသယရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တာဝန်က ရပ်စဲထားလိုက်တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.