ပါရီ၊ ဧပြီ ၄
စစ်မက် ဖြစ်ပွားနေတဲ့ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ လက်တစ်ဆုပ်စာ သင်္ဘောတွေထဲမှာ ပြင်သစ်ပိုင် ကုန်တင်သင်္ဘော တစ်စီးနဲ့ ဂျပန်ပိုင် သင်္ဘော တစ်စီး ပါဝင်ကြောင်း ဧပြီ ၃ ရက် ရေကြောင်း ခြေရာခံ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် တင်ပို့မှုတွေအတွက် အရေးကြီးတဲ့ အဲဒီ ရေလမ်းကြောင်းကို အီရန်က စစ်ပွဲ စတင်ချိန်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဧပြီ ၂ ရက်က အဲဒီ ရေလမ်းကြောင်းကနေ ပြင်သစ် သင်္ဘောနဲ့ ဂျပန် သင်္ဘောတို့ ဖြတ်သန်းခဲ့ကြောင်း သင်္ဘောလမ်းကြောင်း ခြေရာခံ ကုမ္ပဏီ Marine Traffic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အီရန်က အဲဒီ ရေလမ်းကြောင်းမှာ မိုင်းတွေ ချထားပြီး ရန်သူ မဟုတ်တဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့် ပေးမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ကမ္ဘာ့လောင်စာ တင်ပို့မှု ငါးပုံတစ်ပုံ ဖြတ်သန်းနေတဲ့ အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းခွင့်ရရှိရေး ထိုင်း အပါအဝင် နိုင်ငံ တချို့က အီရန်နဲ့ တိုက်ရိုက် ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အိုမန် သင်္ဘော တစ်စီးလည်း အဲဒီ လမ်းကြောင်းက ဖြတ်သန်းသွားခဲ့ပြီး ဖြတ်သန်းသွားတဲ့ သင်္ဘော သုံးစီး စလုံးက သူတို့ဟာ အိုမန် သင်္ဘောတွေ ဖြစ်ကြောင်း ကြေညာပြီးမှ ခုတ်မောင်း ဖြတ်သန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ အီရန် စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟောမု့ဇ် ရေလက်ကြားကို ပထမဆုံးအကြိမ် အနေနဲ့ ဂျပန် စွမ်းအင် သင်္ဘော ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်အလံ စိုက်ထူထားတဲ့ သင်္ဘော တစ်စီးလည်း ဧပြီ ၁ ရက်က ဟောမု့ဇ်ရေလက်ကြားကို အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို လက်စား ပြန်ချေတဲ့အနေနဲ့ အီရန်က ဒေသတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို အဲဒီ ရေလမ်းကြောင်းက ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘောတွေကိုလည်း ပစ်ခတ် တိုက်ခိုက်နေပါတယ်။
အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းလိုတဲ့ ကုန်တင် သင်္ဘောတွေအနေနဲ့ အီရန်ရဲ့ ခွင့်ပြုချက် ရယူပြီးမှ ဖြတ်သန်းနိုင်တယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်နိုင်ရေး မဟာမိတ်တွေ ပူးပေါင်းကြိုးပမ်းကြဖို့ ပြောဆိုထားပါတယ်။
ကမ္ဘာ့စီးပွားရေး အသက်သွေးကြော ဖြစ်တဲ့ အဲဒီ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် အရှေ့အလယ်ပိုင်းက ရေနံ တင်ပို့မှုကို အားကိုးနေရတဲ့ နိုင်ငံတွေမှာ လောင်စာ ပြတ်လပ်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အီရန်က တိုက်ခိုက်မှုတွေ မရပ်သရွေ့ အဲဒီ ရေလမ်းကြောင်းကို ပိတ်ထားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ထရန့်က အီရန် စစ်ပွဲကို နောက်ထပ် သီတင်း နှစ်ပတ်ကနေ သုံးပတ်အတွင်း အဆုံးသတ်ပစ်နိုင်တယ်လို့ ပြောထားပါတယ်။
ဒီလို ပြောဆိုနေချိန်မှာပဲ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသဆီ တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပါတယ်။
အမေရိကန်က မြေပြင် တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုရင် မိမိတို့က စောင့်ကြိုပြီး မီးမိုးရွာသွန်းပစ်မှာ ဖြစ်ကြောင်း အီရန်က ကြွေးကြော်ထားပါတယ်။
Ref:AFP

