ဝါရှင်တန်၊ ဧပြီ ၄
၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေး ဘက်ဂျက် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ခွင့်ပြုပေးရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က လွှတ်တော်အမတ်တွေကို ဧပြီ ၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အမေရိကန်အတွက် ကုန်ကျစရိတ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကတိကဝတ်တွေ ပိုများလာနေပါတယ်။
တောင်းခံအဆိုပြုထားတဲ့ ဘက်ဂျက် ပမာဏအရဆိုရင် ပင်တဂွန်ရဲ့ တစ်နှစ်တည်း အတွက် အသုံးစရိတ်ဟာ ၄၀ ရာခိုင်နှုန်း ပိုများလာမယ့် သဘော ဖြစ်ပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန် စစ်တပ်အတွက် သိသိသာသာ ပိုများလာမယ့် အသုံးစရိတ်လည်း ဖြစ်ပါတယ်။
အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကုန်ဆုံးသွားတဲ့ လက်နက်တွေ ပြန်လည် ဖြည့်တင်းရေးနဲ့ စစ်ဆင်ရေးတွေ ရေရှည် ပြုလုပ်နိုင်ရေး ကြိုးပမ်းနေပါတယ်။
ဒီလို ဘက်ဂျက် တောင်းဆိုမှုက အခုအချိန်မှာ သီတင်း ငါးပတ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အီရန် စစ်ပွဲအတွက် အမေရိကန် စစ်တပ်မှာ ဘဏ္ဍာရေးဆိုင်ရာ ဖိအား ရှိနေကြောင်း မီးမောင်းထိုးပြသနေပါတယ်။
စစ်ရေး အသုံးစရိတ် တိုးမြှင့်ရေး လွှတ်တော်တွင်းမှာလည်း နိုင်ငံရေးဆိုင်ရာ တိုက်ပွဲ တစ်ခု ဖြစ်လာနိုင်ပါတယ်။
အီရန်စစ်ပွဲဟာ တစ်ရက်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျနိုင်ကြောင်း လွှတ်တော် တံခါးပိတ် ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေး အသုံးစရိတ် တိုးမြှင့်မှာ ဖြစ်တဲ့အတွက် ထရန့် အစိုးရက ကာကွယ်ရေး မဟုတ်တဲ့ အသုံးစရိတ် ဒေါ်လာ ၇၃ ဘီလီယံ လျှော့ချထားပါတယ်။
ဖက်ဒရယ် လူမှုဖူလုံရေး စီမံကိန်းတွေကို တိုးချဲ့နေပေမယ့် သမ္မတက စစ်ရေး အသုံးစရိတ်ကို မဖြစ်မနေ တိုးမြှင့်ရမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုနဲ့ ပတ်သက်လို့ ဒီမိုကရက်တွေက တိုက်ခိုက်ဝေဖန်နေပြီး ထရန့်ဟာ နိုင်ငံခြား စစ်ပွဲတွေကို မဆင်မခြင် တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
ထရန့်ဟာ အမေရိကန် ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ငွေပိုသုံးရမယ့်အစား အရှေ့အလယ်ပိုင်းမှာ သုံးမယ့် ဗုံးတွေအတွက် ငွေပိုသုံးဖို့ ကြိုးပမ်းနေတယ်လို့ အထက်လွှတ်တော် ဘက်ဂျက် ခေါင်းဆောင် ပတ်တီ မာရေးက ပြောပါတယ်။
အိမ်ဖြူတော်က စာမျက်နှာ ၉၂ မျက်နှာပါ ဘက်ဂျက် အဆိုပြုချက်ကို တင်သွင်းထားပြီး ရေငုပ်သင်္ဘောတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလေးပေး ဖော်ပြထားပါတယ်။
ထရန့်က လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ စစ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ စီစဉ်နေသလို လွှတ်တော်ကို ရှောင်လွှဲပြီးတော့ ဒေါ်လာ ၃၅၀ ဘီလီယံ သုံးစွဲခွင့် ရရှိဖို့လည်း ကြိုးပမ်းနေပါတယ်။
ပြည်တွင်းအတွက် အသုံးစရိတ် လျှော့ချပြီး အီရန် စစ်ပွဲအတွက် ငွေပိုသုံးမယ့် ထရန့် အစိုးရရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကာကွယ်ရေးအပြင် ထရန့် အစိုးရက ပြည်တွင်း ဥပဒေ စည်းကြပ်ရေး အေဂျင်စီတွေ အတွက် ငွေပိုသုံးစွဲရေးလည်း အဆိုပြုထားပါတယ်။
အဆိုပြုထားတဲ့အတိုင်း ကာကွယ်ရေး အသုံးစရိတ် တိုးပေးခဲ့မယ်ဆိုရင် အမေရိကန် စစ်တပ်ရဲ့ အသုံးစရိတ်ဟာ နိုင်ငံ ပြည်တွင်းထုတ်ကုန် တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်ပြီး ကာကွယ်ရေး စွမ်းပကား အားကောင်းလာမှာ ဖြစ်ကြောင်း ရီပက်ဘလေကန် အမတ် တချို့က တုံ့ပြန်ထားကြပါတယ်။
Ref:AFP

