ဝါရှင်တန်၊ ဧပြီ ၆

ဟောမု့ဇ် ရေလက်ကြားကို သင်္ဘော အားလုံးအတွက် ပြန်လည် ဖွင့်လှစ်ရေး နောက်ဆုံးသတ်မှတ်ရက် ဧပြီ ၇ ရက် ကျော်လွန်သွားရင် အီရန်ရဲ့ ဓာတ်အားပေးစနစ်နဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပါတယ်။

အီရန်ကို ငရဲကျသလို ဖြစ်အောင် လုပ်ပစ်မယ်လို့ ထရန့်က စောစောပိုင်းက ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်း အမေရိကန် မီဒီယာနဲ့ ပြောဆိုရာမှာ အီရန်နဲ့ သဘောတူညီမှု ရရှိဖို့ အခြေအနေ ကောင်းတယ်လို့ ပြောဆိုသွားပါတယ်။

အီရန်က ထရန့်ရဲ့ ရာဇသံကို လှောင်ပြောင်ပြီး ကူကယ်ရာမဲ့၊ ကြောက်ရွံ့ ရူးမိုက်တဲ့ ပြောဆိုမှု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အီရန်နိုင်ငံထဲမှာ ပျက်ကျသွားတဲ့ အမေရိကန် တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးနှစ်ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ထရန့်က ကြေညာပြီးနောက် အခုလိုမျိုးခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရန် အနောက်တောင်ပိုင်း တောင်ထူထပ်တဲ့ ဒေသမှာ အမေရိကန် တိုက်လေယာဉ်မှူး နှစ်ဦးကို အမေရိကန်ကရော အီရန်ကပါ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၃ ရက်က ပစ်ချခံရတဲ့ အက်ဖ်-၁၅ တိုက်လေယာဉ်မှူးကို လေယာဉ် ပျက်ကျပြီး အချိန်တို အတွင်းမှာပဲ ရှာတွေ့ခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အီရန်က အဲဒီ နှစ်နိုင်ငံရဲ့ ဒေသတွင်း မဟာမိတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်နေပြီး စစ်ပွဲ တစ်လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

သာမန်အချိန်တွေမှာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းနေတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် လောင်စာဈေးနှုန်း သိသိသာသာ မြင့်တက်နေပြီး ငွေကြေးဖောင်းပွလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကုန်စည်စီးဆင်းမှု အနှောင့်အယှက် ဖြစ်နေတာကြောင့် အဲဒီ ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေး ထရန့်က မတ်လအတွင်း နောက်ဆုံး သတ်မှတ်ရက်တွေ အကြိမ်ကြိမ် ကြေညာခဲ့ပါတယ်။

ထရန့်က အီရန်ကို ခြိမ်းခြောက်တဲ့ ပို့စ်မှာသူက အစ္စလာမ်ဘာသာရဲ့ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆဲထားပါတယ်။

အဲဒီနောက် Fox News သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ထရန့်က အီရန်နဲ့ သဘောတူညီချက် ရရှိဖို့ အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သဘောတူညီချက် တစ်ရပ် အမြန်မရဘူးဆိုရင် အီရန် ရေနံတွေကို သိမ်းယူပြီး အားလုံးကို ဖောက်ခွဲ ဖျက်ဆီးပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အရင်က ဧပြီ ၆ ရက် နောက်ဆုံးထားပြီး ရေလက်ကြား ပြန်ဖွင့်ဖို့ ထရန့်က ပြောခဲ့ပေမယ့် ဧပြီ ၇ ရက် အရှေ့တိုင်းစံတော်ချိန် ညနေ ၈ နာရီ မတိုင်ခင် ပြန်ဖွင့်ဖို့ ပြောင်းလဲ ပြောဆိုခဲ့ ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေး နေက်ဆုံး သတ်မှတ်ရက်ကို ထရန့်က အကြိမ်ကြိမ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။

မတ် ၂၁ ရက်ကလည်း အီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ရင် တိုက်ခိုက် ဖျက်ဆီးခံရလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နောက် နှစ်ရက်အကြာမှာတော့ မတ် ၂၈ ရက်အထိ နောက်ထပ် ငါးရက် အီရန်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သမ္မတထရန့်က ပြောဆိုလာပြန်တာပါ။

အီရန်နဲ့ ဆွေးနွေးမှု အခြေအနေကောင်းတယ်လို့ ထရန့်က ပြောထားပေမယ့် အီရန်က အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းနေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ထရန့်က သူသတ်မှတ်ထားတဲ့ နောက်ဆုံးရက် နီးကပ်လာချိန်မှာ နောက်ထပ် ၁၀ ရက် ဧပြီ ၆ ရက်အထိ နောက်ဆုတ်ခဲ့ပြန်ပါတယ်။

အဲဒီနောက် နောက်ဆုံးအနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ဧပြီ ၇ ရက် မတိုင်ခင် ပြန်လည် ဖွင့်လှစ်ဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.