နေပြည်တော်၊ ဧပြီ ၂
မနက်ဖြန် ဧပြီ ၃ ရက်နေ့မှာ သမ္မတ ရွေးကောက်တင်မြှောက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့မှာ နာယကက ကြေညာခဲ့တာ ဖြစ်ပါတယ်။
နာယက ဖြစ်တဲ့ ဦးအောင်လင်းဒွေးက ဒုသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့သူ သုံးဦးစလုံးဟာ နိုင်ငံတော် သမ္မတ အရည်အချင်းတွေနဲ့ ပြည့်စုံတွေ ဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
ဒါ့ကြောင့် မနက်ဖြန်မှာ ဒုသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေးတို့ကို သမ္မတ၊ ဒုသမ္မတ ၁ ၊ ဒုသမ္မတ ၂ အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ ဒုသမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ခံစရာမလိုဘဲ ကြံ့ခိုင်ရေးပါတီက ဒုသမ္မတအဖြစ် အဆိုပြုခဲ့တာပါ။
စစ်ခေါင်းဆောင် လူယုံဖြစ်တဲ့ လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောကိုတော့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတအဖြစ် ကန့်ကွက်သူမရှိဘဲ ရွေးချယ်ထားပါတယ်။
အမျိုးသားလွှတ်တော်ကနေ ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ကရင်တိုင်းရင်းသူ ဒေါ်နန်းနီနီအေးဟာ ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

