မော်လမြိုင် ၊ ဧပြီ ၃

NUG ၊ CRPH နဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေ အပါအဝင် အင်အားစုအသီးသီးအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဋ္ဌာန်းချက်တွေနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ NUCC က တိုက်တွန်းပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အားအင်နဲ့ ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေကို ဖျက်သိမ်းကာ နိုင်ငံရေးအင်အားစုပေါင်းစုံ ပါဝင်ရေးဆွဲခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာ ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ ၅ နှစ်ပြည့်မြောက်ခဲ့မှုအပေါ် NUCC က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီ ပဋိညာဉ်ကို NUG ၊ CRPH နဲ့ NUCC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေအပါအဝင် အင်အားစုတွေဟာ ပူးပေါင်းပါဝင် ရေးဆွဲခဲ့ကြပြီး ပြည်သူ့တော်လှန်ရေးကြီးရဲ့ ရှေ့မှောက်မှာ အတူဝန်ခံကတိပြုခဲ့ကြခြင်းနဲ့ သဘောတူ အတည်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၅ နှစ်တာကာလအတွင်း အင်အားစုအသီးသီးကနေ စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော်ကြရာမှာ ထင်ရှားတဲ့ ရလဒ်တွေအဖြစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ဖွဲ့စည်းတာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဥပဒေပြုရေးအာဏာကို ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကနေ စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းမပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဖွဲ့စည်းမှုကိုလည်း အတည်ပြုခဲ့တာပါ။

တစ်ဘက်မှာ CRPH နဲ့ NUCC တို့ ညှိနှိုင်း သဘောတူညီချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းတာ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြုနဲ့ လူမျိုးအခြေပြု ကောင်စီတွေ အပါအဝင် ဖက်ဒရယ်ယူနစ် အစိုးရတွေ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံ ပြဋ္ဌာန်းချက်အရ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (တနည်းအားဖြင့်) ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ကိုလည်း မကြာခင် အပြီးသတ် ရေးဆွဲပြီး အတည်ပြုနိုင်မယ်လို့ NUCC က ဆိုပါတယ်။

ဖက်ဒရယ်အသွင်ကူပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေရေးဆွဲရေးဟာ NUCC ရဲ့ လုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG ကို ဖွဲ့စည်းထားတာပါ။

TCWG မှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်သလို NUG နဲ့ NUCC က ကိုယ်စားလှယ်တွေလည်း ပါဝင်ပြီး အတူတကွ ရေးဆွဲကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ NUCC မပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို NUG နဲ့ CRPH အပါဝင် KIO ၊ CNF ၊ KNU နဲ့ KNPP တို့က တပ်ပေါင်းစုအသွင် ဖွဲ့စည်းလိုက်တယ်လို့ မတ် ၃၀ ရက်နေ့မှာ အသိပေးကြေညာခဲ့ပါတယ်။

စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင်ပြီး လမ်းညွှန်အကောင်အထည်ဖော်နိုင်ဖို့ မဏ္ဍိုင်သုံးရပ်ကို အခြေခံကာ ဦးဆောင်ကောင်စီကို တရားဝင်ဖွဲ့စည်းလိုက်တာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ဟာ NUCC ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ယာယီနုတ်ထွက်ဖို့ စာတင်ထားကြသလို ကချင်က KPICT အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ကလည်း ၂၀၂၂ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ထားကြပါတယ်။

ဒီအခြေအနေမှာ NUCC ကတော့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ပါ ပြဋ္ဌာန်းချက်တွေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကြေညာချက်မှာ အသိပေးထားတာပါ။

ပဋိညာဉ်ပါ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ နယ်ပယ်အသီးသီးမှာ လက်ရှိ ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေနဲ့ဖြစ်စေ တော်လှန်ရေး လက်တွေ့ လိုအပ်ချက်တွေအရ အခါအားလျော်စွာ ပေါ်ပေါက်လာတဲ့ ဦးဆောင်မှု အစုအဖွဲ့တွေနဲ့ဖြစ်စေ လိုအပ်တဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ရာမှာ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား အားပြိုင်မှု လွှမ်းမိုးမှု မရှိစေဖို့ လူနည်းစုအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုတာတွေကို အင်အားစုအသီးသီးက ခွဲခြားဆက်ဆံမှုမရှိဘဲ တော်လှန်ရေးရဲ့ စံတန်ဖိုးတွေအဖြစ် လိုက်နာကျင့်သုံးသွားကြဖို့ လိုအပ်တယ်လို့ NUCC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUCC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.