အမေရိကန်ရဲ့ အဓိက လေဆိပ်တွေမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေ ချထား

ဝါရှင်တန်၊ မတ် ၂၄

လစာမရ ဖြစ်လာနိုင်တာကြောင့် ထောင်နဲ့ချီတဲ့ လုံခြုံရေး ဝန်ထမ်းတွေ အလုပ်ဆင်းဖို့ ငြင်းဆန်နေချိန် အမေရိကန် နိုင်ငံတဝှမ်း အဓိက လေဆိပ်ကြီးတွေမှာ ICE လို့ခေါ်တဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေကို ချထားလိုက်ပါတယ်။

လစ်ဟာသွားမယ့် လုံခြုံရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေး ICE အေးဂျင့်တွေကို ချထားတာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က စတင်ခဲ့တဲ့ အစိုးရဌာနတွေ ပိတ်သိမ်းထားရမှုကြောင့် လစာမရတာ သီတင်းပတ် များစွာကြာလာပြီ ဖြစ်တဲ့ ပို့ဆောင်ရေး လုံခြုံရေးဝန်ထမ်းတွေ အလုပ် ပျက်ကွက်မှု အရေအတွက် ပိုများလာနေပါတယ်။

ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ နေနေတာကြောင့် လေဆိပ်တွေရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တွေ အချိန်အကြာကြီး တန်းစီပြီး စစ်ဆေးခံနေကြရ ပါတယ်။

နယူးယောက်၊ အတ္တလန္တာနဲ့ ဟူစတန် အပါအဝင် အဓိက မြို့ကြီးတွေရဲ့ လေဆိပ် ၁၄ ခုမှာ ICE အေးဂျင့် ထောင်ပေါင်းများစွာ ချထားလိုက်ကြောင်း အမေရိကန် နယ်စပ်ဆိုင်ရာ အရာရှိချုပ် တွမ် ဟိုမန်က မတ် ၂၃ ရက်မှာ ပြောပါတယ်။

နယူးယောက်မြို့ရှိ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်အပါအဝင် တခြား လေဆိပ်ကြီးတွေမှာ တွေ့ရတဲ့ ICE အေးဂျင့်တွေဟာ တခြား နေရာတွေမှာ တာဝန်ထမ်းဆောင်ချိန်ကလို မျက်နှာဖုံးအုပ်ထားတာ မတွေ့ရပါဘူး။

အဲဒီ အေးဂျင့်တွေအနေနဲ့ လူသတ်ကောင်တွေ၊ ရာဇဝတ်ကောင်တွေကို လိုက်လံ ဖမ်းဆီးချိန်မှာတော့ မျက်နှာဖုံး တပ်ဆင်ကြတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၂၃ ရက်မှာ သတင်းထောက်တွေကို ရယ်မောရင်း ပြောကြားသွားပါတယ်။

အမေရိကန် လေဆိပ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပို့ဆောင်ရေးနဲ့ လုံခြုံရေး ဝန်ထမ်း ၄၀ ရာခိုင်နှုန်းကျော်က လစာမရတာကြောင့် အလုပ်ဆင်းဖို့ ငြင်းဆန်နေကြပါတယ်။

မတ် ၂၃ ရက်က တချို့လေဆိပ်တွေမှာ ကြန့်ကြာမှုတွေ ရှိနိုင်တာ ခရီးသည်တွေကို သုံးလေးနာရီ ကြိုပြီး လာရောက်ကြဖို့ ညွှန်ကြားခဲ့သလို တချို့ဟာ လေဆိပ်ထဲမှာ အိပ်ပြီး စောင့်နေခဲ့ရတယ်လို့ ဆိုပါတယ်။

မတ် ၂၃ ရက်က လွှတ်တော်သို့ ပေးပို့ခဲ့တဲ့ ကြေညာချက်ကို လေဆိပ် အရာရှိ ၁၀၀ ကျော်က လက်မှတ်ရေးထိုးထားပြီး လုပ်ငန်းပိုင်းဆိုင်ရာ အနှောင့်အယှက် ဖြစ်မှုကြောင့် အများကြီး စိုးရိမ်နေမိကြောင်း ဖော်ပြထားပါတယ်။

ICE အေးဂျင့်တွေ ချထားပေမယ့် လူအုပ်ထိန်းချုပ်ရေးအတွက်ပဲ တာဝန်ယူမှာ ဖြစ်ပြီး ခရီးသည်တွေကို စစ်ဆေးမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ထရန့်ကတော့ အဲဒီ အေးဂျင့်တွေအနေနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နိုင်တယ်လို့ ပြောထားပါတယ်။

နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ICE အေးဂျင့်တွေ အနေနဲ့ အခုအချိန်မှာ ဖမ်းဆီးလို့ ရသွားပြီလို့ ထရန့်က ပြောပါတယ်။

မီနီယာပိုလစ်မှာ အမေရိကန်နိုင်ငံသား နှစ်ဦးကို ပစ်သတ်ခဲ့မှုကြောင့် အများပြည်သူ ဒေါသထွက်ခဲ့ရပြီးနောက် လွှတ်တော်တွင်း ဒီမိုကရက်တွေက လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေကို နောက်ထပ် တားဆီး လျှော့ချမှု မလုပ်ရင် ရန်ပုံငွေ မပေးနိုင်ဘူးလို့ ငြင်းဆိုနေကြပါတယ်။

ရန်ပုံငွေ ထောက်ပံ့ရေး လွှတ်တော်တွင်း လိပ်ခဲတည်းလည်း အခြေအနေဟာ မကြာခင် ပြေလည်သွားနိုင်တဲ့ လက္ခဏာ မတွေ့ရပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.