ဝါရှင်တန်၊ တီဟီရန်၊ မတ် ၂၄
အီရန် အရာရှိတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုခဲ့ပြီးတဲ့နောက် အီရန်ရဲ့ ဓာတ်အားပေး စနစ်ကိုတိုက်ခိုက်မယ့် အစီအစဉ် နောက်ဆုတ်လိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။
ထရန့်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်နဲ့ ဆွေးနွေးနေတာ မရှိဘူးလို့ အီရန်က မတ် ၂၃ ရက်မှာပဲ ငြင်းဆိုလိုက်ပါတယ်။
အီရန်နဲ့ ဆွေးနွေးနေတယ်လို့ ထရန့်က ပြောပေမယ့် ဆွေးနွေးမှုအတွင်း ပါဝင်တဲ့ အီရန် အရာရှိတွေ ဘယ်သူတွေလဲ ဆိုတာကို ထုတ်မပြောပါဘူး။
နှစ်နိုင်ငံကြား တိုက်ရိုက် ညှိနှိုင်းမှု လုံးဝ မရှိဘူးလို့ ဥရောပအရာရှိ တစ်ဦးက ပြောပါတယ်။
ပါကစ္စတန် အရာရှိ တစ်ဦးနဲ့ ဒုတိယ သတင်းရင်းမြစ် တစ်ခုကတော့ စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေကို အစ္စလာမ်မာဘက်မြို့မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်သွားမယ်လို့ ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ရန်လို တိုက်ခိုက်မှုတွေကို အပြီးတိုင် လုံးဝ ပြေလည်စေရေး အီရန်နဲ့ အရမ်း ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ဒီလို ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အီရန်ရဲ့ ဓာတ်အားပေးစနစ်ကို တိုက်ခိုက်မယ့် အစီအစဉ် နောက်ဆုတ်လိုက်ပြီ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
သူ့ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အစုရှယ်ယာဈေးတွေ မြင့်တက်လာပြီး ရေနံဈေးနှုန်း တစ်စည်ကို ဒေါ်လာ ၁၀၀ အောက်သို့ လျော့ကျသွားခဲ့ပါတယ်။
ထရန့်က အီရန်ကို ဆက်လက် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြီး အီရန်က လက်တုံ့ပြန်မယ်ဆိုတဲ့ ပြောဆိုမှုကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အထူး ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်နဲ့ သူ့ရဲ့သမက် ကူရှ်နာတို့ အီရန် ထိပ်တန်းအရာရှိ တစ်ဦးနဲ့ မတ်လ ၂၂ ရက်မှာ ဆွေးနွေးခဲ့ပြီး ၂၃ ရက်မှာ ထပ်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ထရန့်က ပြောဆိုလာတာပါ။
မိမိတို့အနေနဲ့ သဘောတူညီမှုရဲ့ အဓိကအချက် အားလုံးနီးပါး သဘောတူထားပြီးပြီလို့လည်း ထရန့်က ပြောပါတယ်။
လူတိုင်းအတွက် ကောင်းတဲ့ သဘောတူညီမှု တစ်ရပ် ရရှိမယ်လို့ ထင်ကြောင်းလည်း ထရန့်က ဆိုတာပါ။
အီရန်ရဲ့ ဘယ်အရာရှိတဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကို ထရန့်က ထုတ်မပြောပေမယ့် အီရန်မှာ လူလေးစားမှု အများဆုံး ထိပ်တန်းအကျဆုံး အရာရှိနဲ့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေး အရာရှိ တစ်ဦးနဲ့ အခြား သတင်းရင်းမြစ် နှစ်ခုကတော့ အီရန်ဖက်မှာ ကြားခံ ညှိနှိုင်းပေးနေသူဟာ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာခါ ခါလီဘတ် ဖြစ်တယ်လို့ ပြောပါတယ်။
လွှတ်တော် ဥက္ကဌ ခါလီဘတ်ကတော့ အမေရိကန်နဲ့ အဲဒီလို ဆွေးနွေးမှုတွေ မရှိဘူးလို့ လူမှုမီဒီယာမှာ ရေးပါတယ်။
အီရန် အရာရှိအားလုံးဟာ နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်နောက်မှာ မားမားမတ်မတ် ရပ်နေကြပြီး အီရန် ပြည်သူတွေကလည်း ရန်လို တိုက်ခိုက်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ တောင်းဆိုနေကြတယ်လို့ ဥက္ကဌ ခါလီဘတ်က ပြောပါတယ်။
ထရန့်ရဲ့ ပြောဆိုမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ဝါဒဖြန့်မှု ဖြစ်ပြီး အမေရိကန်ရဲ့ ဒေသတွင်း ပစ်မှတ်တွေကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရန် စစ်တပ်က ပြောပါတယ်။
အစ္စရေးကတော့ လက်ဘနွန်နဲ့ အီရန်ကို ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက ထရန့်နဲ့ မတ် ၂၃ ရက်က ဆက်သွယ်ချိန်မှာ ပြောကြားခဲ့ပါတယ်။
Ref:Reuters

