ကိုလမ်ဘီယာ စစ်ဖက်ဆိုင်ရာ လေယာဉ် ပျက်ကျပြီး အနည်းဆုံး လူ ၆၆ ဦး သေဆုံး

ဘိုဂိုတာ၊ မတ် ၂၄

ကိုလမ်ဘီယာ လေတပ် လေယာဉ်တစ်စီး နိုင်ငံတောင်ပိုင်းကနေ ပျံတက်ပြီး မကြာခင် ပျက်ကျသွားတာကြောင့် လူ ၆၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများကြီး ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်း ၁၁ဦးနဲ့အတူ စစ်သား ၁၁၄ ဦး လိုက်ပါသွားခဲ့တာ ဖြစ်တယ်လို့ လေတပ်တပ်မှူး ကားလို့စ် ဖာနန်ဒို ဆေးလ်ဗား ရူဒါက ပြောပါတယ်။

တပ်သားတွေ ပို့ဆောင်ရေးအတွက် သုံးတဲ့ အမေရိကန် နိုင်ငံထုတ် C-130 Hercules လေယာဉ်ဟာ ပူတူမာယိုပြည်နယ် ပူအာတို လီဂူဇာမူမြို့အနီးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

အဲဒီ ဒေသဆီ စေလွှတ်လိုက်တဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက လေယာဉ်အပျက်အစီးအနီး အသက်ရှင်ကျန်သူတွေကို ရှာဖွေနေတယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ကိုလမ်ဘီယာ လေတပ်က ဆိုတာပါ။

Lockheed Martin ကုမ္ပဏီထုတ် အဲဒီ လေယာဉ်ဟာ မိမိတို့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် စေလွှတ်တဲ့ တပ်ဖွဲ့ဝင်တွေကို တင်ဆောင် ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ကိုလမ်ဘီယာ ကာကွယ်ရေးဝန်ကြီး ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။

ပီရူးနယ်စပ် အနီးမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်ရပ်ဟာ မိမိတို့နိုင်ငံအတွက် ဝမ်းနည်းစရာ ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်းနဲ့ လေယာဉ်ပေါ်မှာ မီးလောင်တာကြောင့် တင်ဆောင်သွားတဲ့ ခဲယမ်း မီးကျောက်တွေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီး ဆန်းချက်စ်က ထပ်လောင်း ပြောဆိုပါတယ်။

လေတပ် အမှုထမ်း ၆ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့အတူ စစ်သား ၅၉ ဦး သေဆုံးကြောင်း သတင်းရင်းမြစ် တစ်ခုက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် နှစ်ခုကလည်း သေဆုံးသူ ၆၆ ဦး ရှိကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ဘိုလီးဗီးယား လေတပ်ရဲ့ C-130 Hercules လေယာဉ်တစ်စီး ငွေစက္ကူတွေ တင်ဆောင်လာချိန် ပျက်ကျပြီး လူ ၂၀ ထက် မနည်း သေဆုံးခဲ့ရပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.