အစ္စရေး နျူစက်ရုံအနီး မြို့တွေကို အီရန် တိုက်ခိုက်

ဂျေရုစလင်၊ မတ် ၂၃

အစ္စရေး တောင်ပိုင်းက နျူကလီးယား စက်ရုံအနီးရှိ မြို့တွေကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်သူ တချို့ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၈၀ ရှိတယ်လို့ အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၁ ရက် ညနေပိုင်းက ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတာကြောင့် အာရက်ဒ်မြို့မှာ ၁၁၆ ဦး၊ ဒီမိုနာမြို့မှာ ၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာပါ။

ဒီမိုနာမြို့ အပြင်ဖက် ၈ မိုင်သာသာမှာရှိတဲ့ နျူကလီးယား သုတေသန စက်ရုံ ထိခိုက်ပျက်စီးမှု မရှိဘူးလို့တော့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပြောပါတယ်။

မတ် ၂၁ ရက်က အီရန်ရဲ့ နာတန့်ဇ် နျူကလီးယား စက်ရုံကို တိုက်ခိုက်မှုအတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။

မတ် ၂၂ ရက်က တဲလ်အဗစ်မြို့ကို အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၇ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေး အရေးပေါ်ဌာနက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ပြီး နောက်ပိုင်း အီရန်က မိမိတို့ကို ဒုံးကျည်နဲ့ ပစ်ခတ်မှု အစင်း ၄၀၀ ရှိပြီလို့ အစ္စရေး လေတပ်က ပြောပါတယ်။

အာရက်ဒ်မြို့မှာ အီရန် ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲမှုကြောင့် အဆောက်အဦ အတော်များများ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးအနားရှိ ဒီမိုနာမြို့မှာလည်း အလားတူ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခြေအနေ ဆိုးရွားကြောင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦတွေထဲမှာ မူကြိုကျောင်း တစ်ကျောင်းလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာတွေဆီ မတ် ၂၂ ရက်က အစ္စရေး ဝန်ကြီးချုပ်နဲ့ သမ္မတတို့ သွားရောက်ခဲ့ကြောင်း အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေး နိုင်ငံတွင်းမှာ အခုလိုမျိုး ထိခိုက်ပျက်စီးမှု ဖြစ်အောင် အီရန်က လုပ်ဆောင်နိုင်တာဟာ စစ်ပွဲအတွက် လူတွေရဲ့ ပေးဆပ်ရမှု အခြေအနေကို ဖော်ပြနေတယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေးရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဒုံးကျည်တွေ ဘယ်လို ချိုးဖောက်ဝင်ရောက်လာသလဲ ဆိုတာကို အစ္စရေး အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီက ၁၂ ရက်ကြာ စစ်ပွဲတုန်းကလိုပဲ အစ္စရေးရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို အစ္စရေး အရာရှိတွေက သိပြီးသား ဖြစ်ပါတယ်။

အီရန်က နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် အစ္စရေးက ကာကွယ်ရ ခက်ခဲမှာ ဖြစ်ကြောင့် စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

တရားဝင်အနေနဲ့ နျူကလီးယား သုတေသန လုပ်နေတဲ့ စက်ရုံ ဖြစ်တယ်လို့ ဆယ်စုနှစ် ခြောက်ခုကြာ လူအများသိထားခဲ့ကြပေမယ့် အစ္စရေးက အဲဒီ စက်ရုံ နေရာမှာ နျူကလီးယား ဗုံး ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာက လျှို့ဝှက်ထားပေမယ့် လူအများ သိပြီး ဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်လာမယ့် သဘော ဖြစ်ပါတယ်။

ဒီအချိန် အီရန်ကို တိုက်ခိုက်နေတဲ့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်းကို အပြီးတိုင် ရှင်းလင်းပစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.