ဖိလစ်ပိုင်မှာ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ လောင်စာ အသုံးပြုမှု ယာယီ ခွင့်ပြု

မနီလာ၊ မတ် ၂၃

အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှု ဒဏ်တွေနဲ့ ပတ်သက်လို့ နိုင်နင်းအောင် စီမံနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဖိလစ်ပိုင်က လောင်စာ ဖူလုံစေရေးအတွက် ဈေးပေါပေမယ့် သဘာဝပတ်ဝန်းကျင် ပိုညစ်ညမ်းစေတဲ့ လောင်စာ အမျိုးအစားကို အကန့်အသတ်နဲ့ ယာယီ အသုံးပြုခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နဲ့ စောစောပိုင်း ကားမော်ဒယ်တွေ၊ ဘတ်စ်ကား အဟောင်းတွေ၊ ဓာတ်အားပေး စက်ရုံတွေနဲ့ ရေကြောင်းနဲ့ သင်္ဘော ပို့ဆောင်ရေးကဏ္ဍတွေအတွက် ဥရောပက ညစ်ညမ်းစေတဲ့ လောင်စာအဖြစ် သတ်မှတ်ထားတဲ့ ဓာတ်ဆီ ထုတ်ကုန် လောင်စာတွေကို ဖိလစ်ပိုင်မှာ အသုံးပြုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ အရင်က အဲဒီ လောင်စာအမျိုးအစားတွေကို သုံးစွဲနေရာက ၂၀၁၆ ခုနှစ်အတွင်း ပတ်ဝန်းကျင် ထိခိုက်မှု နည်းစေတဲ့ လောင်စာ အမျိုးအစားကို ပြောင်းလဲ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Euro-II လို့ ခေါ်တဲ့ ညစ်ညမ်းစေတဲ့ လောင်စာတွေမှာ ဆာလ်ဖါ ပါဝင်မှု များပြီး Euro-IV လို့ ခေါ်တဲ့ ပိုသန့်စင်တဲ့ လောင်စာတွေမှာတော့ ဆာလ်ဖါ ပါဝင်မှု အဆ ၁၀၀ လောက် ပိုနည်းပါတယ်။

အရှေ့တောင်အာရှ နိုင်ငံအများစုလိုပဲ ဖိလစ်ပိုင်ဟာ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အလုပ်ဆင်းရက်တွေ လျှော့ချတာ အရန်သိုလှောင်ထားတဲ့ လောင်စာတွေ ထုတ်သုံးတာတွေ လုပ်ဆောင်ထားပါတယ်။

လွှတ်တော်ကလည်း လောင်စာ အခွန်လျှော့ချဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ သမ္မတကို လုပ်ပိုင်ခွင့်အာဏာ ပေးထားပြီး ဖြစ်ပါတယ်။

လောင်စာ ထောက်ပံ့နိုင်ရေး စီစဉ်ဖို့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဘရူနိုင်းတို့နဲ့ ဆွေးနွေးထားကြောင်း ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်က ပြောကြား ပါတယ်။

နိုင်ငံရဲ့ လောင်စာ လိုအပ်မှုအတွက် အရှေ့အလယ်ပိုင်းကို အဓိကအားကိုးနေရတဲ့ ဖိလစ်ပိုင် နိုင်ငံဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ရုရှားဆီက လောင်စာ တင်သွင်းဖို့ ပြင်ဆင်ထားပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတာကြောင့် ရန်ပုံငွေ မရရှိစေရေး ရုရှားအပေါ် အမေရိကန် ဦးဆောင်ပြီး အနောက်တိုင်းက အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း အရှေ့အလယ်ပိုင်း ပြဿနာ ဖြစ်လာချိန် အမေရိကန်က ရုရှား ရေနံ ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးထားတယ်လို့ ဆိုပါတယ်။

ရုရှား ရေနံတွေ ဝယ်ဖို့ အခွန် အများကြီး တိုးကောက်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ခဲ့တဲ့ အိန္ဒိယလည်း ရုရှား ရေနံတွေ ပြန်လည် ဝယ်ယူခွင့် ရထားပါတယ်။

ဒီအတောအတွင်း အာရှ နိုင်ငံ တော်တော်များများမှာ လောင်စာဆီ ပြတလပ်မှုနဲ့ ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်း စစ်ပွဲ ပိုမို ရှည်ကြာလာတာနဲ့ အမျှ လောင်စာဈေး ဆက်လက် မြင့်တက်လာမှာ ဖြစ်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.