ဘန်ကောက်၊ မတ် ၂၁
ဟောမု့ဇ် ရေလက်ကြားကို ထိုင်းကုန်တင်သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး ကူညီပေးဖို့နဲ့ Mayuree Naree သင်္ဘောပေါ်က ထိုင်းသင်္ဘောသား ၃ ဦးကို ကူညီပေးရေး ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မတ် ၂၀ ရက်မှာ တွေ့ဆုံပြီး သင်္ဘောသားတွေကို ကူညီပေးဖို့နဲ့ လူသားချင်းစာနာရေး လုငန်းစဉ်တွေကို တတ်နိုင်ရင် အီရန် ရေတပ်က ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ ကုန်သွယ်မှုအတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြားကို ထိုင်းကုန်တင် သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက်လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။
အီရန်ဟာ ထိုင်းနိုင်ငံနဲ့ ရင်းနှီးခင်မင်တဲ့နိုင်ငံ ဖြစ်ပြီး အဲဒီရေလက်ကြားကို ထိုင်းသင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းခွင့်ရသင့်ကြောင်းနဲ့ တင်ကြို သတိပေးချက်တွေကို လိုက်နာမှာ ဖြစ်ကြောင်းလည်း ထိုင်းအစိုးရက အီရန်ကို အသိပေးထားပါတယ်။
စစ်ပွဲအတွင်း ပါဝင် ပတ်သက်နေသူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့နဲ့ သံတမန်နည်းနဲ့ ဆွေးနွေး အဖြေရှာကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထား ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲ ရပ်တန့်ရေး ထိုင်းနဲ့ အာရှ လက်တွဲဖော်တွေ ပူးပေါင်းကြိုးစားကြဖို့လည်း သူက ပြောဆိုပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲဟာ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်နေရာကနေ အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်မှုတွေအထိ ကျယ်ပြန့်လာနေတယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီအတောအတွင်း ဒေသတွင်းမှာ ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ချက်ချင်း ဘေးကင်းရာကို ထွက်ခွာကြဖို့ အချိန်နဲ့ တပြေးညီ သတိပေးချက်တွေကို လိုက်နာ စောင့်ကြည့်ကြဖို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။
စစ်ပွဲကြောင့် ထိခိုက်မှု ရှိတဲ့ ထိုင်းနိုင်ငံသား ၁၂၀၉ ဦးကို မိခင်နိုင်ငံ ပြန်လာဖို့ ဒါမှမဟုတ်တခြား တတိယနိုင်ငံဆီ ပြောင်းရွှေ့ဖို့ ကူညီပေးနိုင်ခဲ့ကြောင်း ထိုင်း အစိုးရက ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ ထိုင်းနိုင်ငံသားများ အနေနဲ့ နီးစပ်ရာ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေဆီက အကူအညီ တောင်းခံကြဖို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။
အီရန်က အစ္စရေးအား တိုက်ခိုက်မှုအတွင်း ထိုင်းအလုပ်သမား တစ်ဦး သေဆုံးခဲ့ရပြီး တခြား ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
ပင်လယ်ကွေ့အနီးမှာ ထိုင်းကုန်တင်သင်္ဘော တစ်စီး တိုက်ခိုက်ခံခဲ့ရပြီး အဲဒီ သင်္ဘောပေါ်က ထိုင်းသင်္ဘောသား ၂၀ မိခင်နိုင်ငံဆီ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမာ့စ် တိုက်ပွဲ စတင်ချိန်ကတည်းက အစ္စရေးမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ဟားမာ့စ် အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဒေသတွင်းမှာ ထိုင်းနိုင်ငံသား အရေအတွက် ဘယ်လောက်ရှိနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် အစ္စရေးမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသားတွေ အများကြီး ရှိပါတယ်။
Ref:Bangkokpost

